လဲချားမြို့နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်ကာ စစ်ဆေးရေးဂိတ်များ ထပ်ဖွင့်လှစ်

0
210

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ဆေးရေးဂိတ်များ ထပ်မံဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းတပ်နှစ်တပ်မှ လဲချားမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးသည့်နောက်တွင် စစ်ကောင်စီတပ်ဖွဲ့သည် လဲချားမြို့နယ် ဟဲဆိုင် (ဝၢၼ်ႈႁၢႆးသႅင်) ကျေးရွာဘက်တို့၌ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာများကို တားမြစ်စစ်ဆေးနေလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

“တာဆန်းရွာ၊ ဟဲဆိုင်ရွာ တို့ဘက်မှာ ဝါးတားဂိတ်နဲ့ စစ်ကောင်စီက စစ်ဆေးရေးဂိတ် ဖွင့်ထားတယ်၊ ရွာကလူ တွေ မြို့ပေါ်သွားရင် ခွင့်ပြုပေမယ့် မြို့ပေါ်ဘက်ကနေ ရွာထဲ လာမယ်ဆိုရင် စစ်ဆေးမေးမြန်းမှု ကြမ်းတယ်၊ သူတို့က သျှမ်းတပ်နှစ်တပ် အင်အားဖြည့်တင်းမှုတွေကို တားမြစ်ချင်တယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားက ဆက်ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့မှ လဲချားမြို့နယ်အတွင်း စစ်ဆေးရေးဂိတ် လာရောက်ဖွင့်လှစ်နိုင်ဖို့အတွက် စစ်အင်အားကို ပြည်သူ့စစ်တပ်ဖွဲ့များက တာဝန်ယူ သယ်ဆောင်ပေးရကြောင်းလည်း သိရသည်။

လက်ရှိတွင် လဲချားမြို့နယ်အတွင်း၌ စစ်ရေးများ ငြိမ်သက်သော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် မြေပြင် စစ်ဆေးရေးဂိတ်များအပြင် စစ်လေယာဥ်ဖြင့်ပါ လဲချားမြို့ပေါ်သို့ ပျံသန်းနေကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“စစ်ကောင်စီတို့ တားထားတဲ့ လမ်းကြောင်းက လဲချားကနေ ခိုလမ်ကို တိုက်ရိုက်ရောက်တယ်၊ အဲ့လမ်းပိုင်း တစ်လျောက် စစ်ကောင်စီတပ်ရောက်ဖို့ SSS ပြည်သူ့ စစ်တပ်က ပို့ပေးရတယ်၊ ပြီးတော့ မက်ကျန်း ပြည်သူ့ စစ်တပ်၊ နားယိုင်းပြည်သူ့စစ်တပ်၊ မန်ပန်ပြည်သူ့စစ်တပ်နဲ့ SSPP တပ်ပေါင်းစုလည်း ရောက်နေတယ်၊ ပြီးတော့ လေယာဥ်တွေ လာဝဲပြတာလည်း နှစ်ရက်နဲ့ နှစ်ညရှိပြီ” ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လဲချားမြို့နယ် အတွင်း သျှမ်းတပ် နှစ်တပ် တိုက်ပွဲ မဖြစ်ရန် တားမြစ် ပြောဆိုခဲ့ပြီးသည့်နောက် မေလ ၂၉ ရက် နှင့် ၃၀ ရက်တို့တွင် စစ်လေယာဥ် နှစ်စီးဖြင့် လဲချားမြို့ကို နှစ်ရက်၊ နှစ်ည ဆက်တိုက် ပျံသန်းပြခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လဲချားမြို့ပေါ် စစ်လေယာဥ် နှစ်ရက် နှင့် နှစ်ည ဆက်တိုက် ပျံသန်းမှုကြောင့် လဲချားဒေသခံများ အနေဖြင့် စစ်ကောင်စီ နှင့် သျှမ်းတပ်နှစ်တပ်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

သျှမ်းတပ်နှစ်တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့၏ လဲချားမြို့နယ်အတွင်း တိုက်ပွဲကြောင့် ရွာသုံးရွာက ရွာပျက်သည်အထိ ဖြစ်လာသည်။

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း သျှမ်းတပ်နှစ်တပ် တိုက်ပွဲမဖြစ်ရန် ခိုလမ်တိုင်းမှူးက တားမြစ်ပြောဆိုအပြီး စစ်လေယာဥ်များဖြင့် လဲချားမြို့နယ် အနီးတစ်ဝိုက်တွင် ပျံဝဲမှု နှစ်ရက်ဆက်တိုက် ပြုလုပ်လာကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစတင်ကာ လဲချားမြို့နယ် အနီးတစ်ဝိုက်တွင် သျှမ်းတပ်နှစ်တပ် ဖြစ်သည့် SSPP/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုက်ပွဲသည် မိုင်းနောင်နှင့် ကွန်ဟိန်းဘက်အထိ တိုက်ပွဲများ ကူးစက်သွားကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here