KNDF ရဲ့ CDM ဌာနဖွဲ့စည်းပြီး တစ်နှစ်အတွင်း ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦးအထိ ရှိ

0
288

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်သားတွေကနေ စီဒီအမ် (CDM) ပြုလုပ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ CDM ဌာနကို ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦး ရှိတယ်လို့ ဌာနမှူး ကိုယုန်လေး က ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ စီဒီအမ်ဌာနကို စတင်ဖွဲ့စည်းခဲ့ချိန်က CDM တပ်သား ၇ ဦးသာရှိခဲ့ပြီး နောက်ပိုင်းမှာ ခိုလှုံလာကြတဲ့ အရေအတွက်များလာတယ်လို့ ဆိုပါတယ်။

လက်နက်နဲ့အတူ CDM ပြုလုပ်လာတဲ့ တပ်သားတွေကို ဆုကြေးငွေတွေ ပေးတာလည်း ရှိခဲ့ပါတယ်။

” ကျတော်တို့ဒီ ၅ လပိုင်း ၃၁ ရက်နေ့မှစပြီးတော့ဖွဲ့ပြီးနောက်ပိုင်းမှာ တောက်လျှောက်လာတယ်ပေါ့နော။ ဘယ်ချိန်ပိုပြီးစိပ်လာလဲဆိုရင် ၉ လပိုင်း ၁၀ လပိုင်း ပြီးတော့ ၂၀၂၃ ၊ ၂လပိုင်းထိ တောက်လျှောက်စိပ်လာတယ်” လို့ ကိုယုန်လေးက ပြောပါတယ်။

တစ်နှစ်အတွင်း ခိုလှုံကြတဲ့ တပ်သားအများစုဟာ စစ်ကောင်စီရဲ့တပ်မ (၆၆) လက်အောက်ခံ တပ်သားတွေဖြစ်ကြပြီး စစ်ကြောင်းထိုးရင်းနဲ့ တိုက်ပွဲအတွင်း ထွက်ပြေးလာပြီး CDM ကူးပြောင်းတဲ့ပုံစံမျိုး များပြားတယ်လို့ သိရပါတယ်။
CDM တပ်သားတွေကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကနေ တစ်ဦးကို ၇ သောင်းနှုန်းနဲ့ လစဉ်ထောက်ပံ့ကြေးပေးနေတာ ၇ လခန့်ရှိနေပြီလို့ ကိုယုန်လေးက ပြောပါတယ်။

စစ်ကောင်စီတပ်တွင်း ရိုက်သွင်းထားခဲ့တဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာအောင် CDM စစ်သားတွေကို အမြင်ဖွင့်သင်တန်းတွေ ပေးနေတယ်လို့လည်း ဆိုပါတယ်။

အမြင်ဖွင့်သင်တန်းကြောင့် CDM စစ်သားအများစုဟာ အမှန်တရားကို လက်ခံလာနိုင်ကြပြီလို့လည်း ကိုယုန်လေးက ဆက်ပြောပါတယ်။

“တစ်ချိန်လုံး စစ်တပ်တွေက ကျတော်တို့ကို ဂျင်းထည့်ထားတာ။ ကျတော်တို့က တပ်မတော်ပါ တပ်မတော်ကမြန်မာကို ကာကွယ်တယ်။ ပြည်သူလူထုကိုကာကွယ်တယ်ဆိုတဲ့ အသုံအနှုန်းတွေဟာ ဘယ်လောက်ထိလက်တွေ့ကျလဲ။ ဘယ်လောက်ထိလွှဲနေလဲဆိုတာကို ကျတော်တို့ အဲ့လိုချပြတာမျိုးတွေပေါ့နော” လို့ ယုန်လေးက ပြောပါတယ်။

CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ခိုလှုံနိုင်ပြီး တပ်သားတွေကိုလည်း ကြိုဆိုလက်ခံသလို တော်လှန်ရေးကာလမှာ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

KNDFရဲ့ ညွှန်ကြားမှု လမ်းညွှန်ချက်တွေနဲ့အညီ လည်ပတ်နေတာဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်မှာ စစ်ကူသွားခြင်း၊ အမြင်ဖွင့်သင်တန်းပို့ချခြင်း၊ CDM တပ်သားတွေ ဝင်ငွေရရှိဖို့ အခွင့်အလမ်းဆောင်ရွက်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးတယ်လို့လည်း သိရပါတယ်။

KNDF ဥက္ကဌ ခွန်းဘီထူးက “ စစ်ကောင်စီရဲ့ ရည်မှန်းချက်က သူတို့အာဏာတည်မြဲရေးအတွက် သူတို့အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် တိုင်းပြည်ကိုအုပ်ချုပ်လိုက်တယ်။ ပြီးတော့ ရဲဘော်တွေကို တုတ်သဖွယ် လက်နက်သဖွယ် သုံးပြီးမှ သူတို့မကောင်းတဲ့အလုပ်ကို လုပ်ခိုင်းတယ်။ လူထုကိုနှိမ်နင်းတာတွေ သတ်ဖြတ်တာတွေ မီးရှို့တာတွေ အားလုံးကို သူတို့ပေါ်လစီအနေနဲ့ ကျင့်သုံးပြီးတော့မှ သူတို့ရဲ့ လက်ရှိတပ်တွေကို သုံးနေတယ်ပေါ့။ ထွက်ဆိုချက်တိုင်းမှာ တပ်သားတွေက ဒါကိုမလိုလားဘူးလို့ ကျနော်တို့သိထားတဲ့အတွက် တပ်သားတွေတိုင်းကလည်း ဒီအခြေအနေကိုဆက်ပြီးတော့မှ တွန်းလှန်းသင့်တယ်။ စစ်ကောင်စီရဲ့အမိန့်တွေကို ဖီဆန်သင့်တယ်။ ဒါတွေလုပ်မှသာလျှင် ကျနော်တို့ရဲ့တိုက်ပွဲက ပိုပြီးတော့မှ တော်လှန်ရေးက ဘက်စုံတော်လှန်ရေးပါ။” လို့ ခွန်းဘီထူးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားတွေ ဌာနဆိုင်ရာဝန်ထမ်းတွေက စစ်ကောင်စီကို ငြင်းဆန်မှုအားကောင်းမှသာ တော်လှန်ရေးအားကောင်းမှာဖြစ်ပြီး လူထုတွေ မျှော်လင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်ရရှိမယ်လို့ ခွန်းဘီးထူးက ဆက်ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here