စစ်ကောင်စီ၏ သံတံတား စစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး

0
238

ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နှင့်ဘီးလင်းမြို့အစပ်ရှိ စစ်ကောင်စီ၏သံတံတားစစ်ဆေးရေးဂိတ်စခန်းသို့ ယမန်နေ့ မေလ (၃၁) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါနေ့မနက် (၅) နာရီခွဲအချိန်က စတင်ဖြစ်ပွားခဲ့သော KNLA တပ်ရင်း (၃) ပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတို့၏ နှစ်ဖက်ထိတွေ့တိုက်ပွဲသည် နှစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သလို လေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ကေအဲန်ယူမှ နယ်မြေခံတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပူးပေါင်းတပ်ဖွဲ့ဘက်က ဖော်ဆောင်တဲ့မြေပြင်တိုက်ပွဲပါ။ တိုက်ပွဲဖြစ်တုန်းတော့ နှစ်ဖက်စလုံး လက်နက်ကြီးငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်ကြပါတယ်။ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့ဝင် (၅) ဦးလည်း ဒဏ်ရာရတယ်။ မစိုးရိမ်ရတဲ့အနေအထားပါ။” ဟု အဆိုပါနယ်မြေတာဝန်ရှိသူက ကေအိုင်စီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဘီးလင်းမြို့ ဝင်းပြန်ရွာဘုရားကုန်းနှင့် အလူးရွာဘက်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး (၆) လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ အလူးအရှေ့ရွာလေးရှိ ဒေသခံတစ်ဦး၏ ခြံဝင်းအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ဘီးလင်းမြို့ခံတစ်ဦးက “ဦးစိန်လှအောင်ရဲ့ခြံထဲကို လက်နက်ကြီးကျတယ်။ သူ့ခြံကဥယျာဥ်ခြံသပ်သပ်ဆိုတော့ လက်နက်ကြီးကျတဲ့အချိန်မှာ လူအထိအခိုက်ရော နေအိမ်အပျက်အစီးရော မရှိသွားဘူးလို့ကြားရတယ်။” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားများရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

ထိုသံတံတားစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးငယ်များဖြင့် ဒေသခံပြည်သူများနေထိုင်‌သော ကျေးရွာများသို့ အကြောင်းမဲ့ပစ်ခတ်လေ့ရှိသဖြင့် အရပ်သားပြည်သူထိခိုက်ဒဏ်ရာရခြင်းနှင့်သေဆုံးခြင်းများရှိခဲ့သလို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ မြေပြင်မှလည်းကောင်း ဒရုန်းများဖြင့်သော်လည်းကောင်း အဆိုပါဂိတ်စခန်းသို့ မကြာခဏ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၎င်းတို့စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်မှလည်း အထိနာလျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့ကလည်း အဆိုပါဂိတ်စခန်းသို့ ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြု၍ နှစ်ကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိုနေ့ညပိုင်းတွင် စစ်ကောင်စီဂိတ်စခန်းမှပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကရဝေးဆိပ်ကျေးရွာနေ ဒေသခံနှစ်ဦး သေဆုံးခဲ့သေးသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here