“ အကုန်လုံး ဒုက္ခရောက်နေကြတာ၊ ဒီနားမှာ ဆင်းရဲပင်ပန်းသူတွေ တော်တော်အများကြီးရှိပါတယ်။ အလုပ်လည်းမရှိဘူး၊ ယောကျ်ားမရှိတဲ့သူတွေဆို အိမ်ပြိုသွားလို့ လမ်းဘေးမှာ ဆောက်လို့ နေရတဲ့သူတွေလည်း ရှိတယ်။ အစ်မတို့ဆိုရင်လည်း ဘုန်းကြီးကျောင်းမှာ ကပ်နေရတယ်” ဒေါ်ဇင်မာနု( အုန်းတစ်ပင်ရပ်ကွက်၊ စစ်တွေမြို့)

0
260

မုန်တိုင်းသင့်ပြည်သူတွေကို စစ်ကောင်စီ ကူညီထောက်ပံ့မှုတွေ ထိရောက်ရဲ့လား

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် နေအိမ်၊ အဆောက်အအုံအများအပြားပျက်စီးကာ မုန်တိုင်းသင့်ပြည်သူ သန်းနှင့်ချီရှိခဲ့သည်။ ရခိုင်ပြည်သည် နဂိုကတည်းက ဆင်းရဲမွဲတေမှုကိုရင်ဆိုင် နေရသည်အထဲ မုန်တိုင်းကြောင့် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေသည့်အပြင် ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများစွာရှိနေကြသည်။ မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအရပ်ဖက်အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများလုပ်ဆောင်နေကြသော်လည်း လိုအပ်သည်ထက်နည်းပါးနေဆဲဖြစ်သည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးပစ္စည်းများကို အချိန်နှင့်တပြေးညီ ပို့ဆောင် ဖြန့်ဝေပေးနေ ကြောင်း၊ မုန်တိုင်းသင့် ပြည်သူများကို မည်သို့လုပ်ဆောင်ပေးလျက်ရှိကြောင်းတို့ကို ၎င်းတို့ပိုင် မြန်မာ့အလင်း၊ ကြေးမုံစသတင်းစာ၊ MRTV ရုပ်သံတို့ကတစ်ဆင့် အဆက်မပြတ်ဖော်ပြလျက် ရှိသည်။ မုန်တိုင်းသင့်ပြည်သူများအတွက် စစ်ကောင်စီကူညီထောက်ပံ့မှုက ထိရောက်မှုရှိသလား၊ လက်တွေ့မြေ ပြင်အခြေအနေမှာ မည်သို့ရှိနေနည်းဆိုသည်နှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့က ဒေသခံတချို့ကို မေးမြန်းတင်ဆက်ပေးလိုက်သည်။

ဒေါ်မဘုဘု၊ ကုန်တန်းရပ်ကွက်၊ စစ်တွေမြို့

“ကျမတို့ဆီမှာက ဆန်တစ်တောင်းပဲ ရတယ်၊ ဆီ တစ်ဆယ်သားပဲ ရတယ်လေ။ ဘာတွေကို ချပေးလို့ ပေးလိုက်မှန်း သမီးတို့ မသိဘူး။ အခု စစ်တွေမြို့ကို ဘာတစ်ခုမှ မရောက်လာဘူး။ ဆန်တစ်တောင်းနဲ့ ပြီးသွားရော။ အခုဆို မုန်တိုင်းတိုက်တာတောင် လခွဲလောက်တောင် ရှိသွားပြီ၊ ဘာမှ အဆင်မပြေဘူး။ အိမ်လည်း အဲအတိုင်းပဲ အိမ်ကလည်းမဆောက်နိုင်ဘူး။ တစ်စကလုပ် တစ်စကပျက်နဲ့ အိမ်ကလည်း ဟင်းလင်းပြင်ပဲ။ဘာမှ အဆင်မပြေဘူး။ ကယ်ဆယ်ရေးက အစိုးရက ချပေးတယ်ဆိုပေမယ့် ဘယ်ဆီမှာ ချပေးတယ်မှန်း မသိဘူးလေ။ Facebook ကြည့်လိုက်လို့ ရှိရင်လည်း အဲလိုမျိုး စစ်တွေမြို့မှာ အဆင်ပြေတယ်၊ စစ်တွေမြို့ကို ကယ်ဆယ်ရေး ချပေးထားတယ်တဲ့၊ ဘာမှ စိတ်ညစ်စရာ မရှိဘူးတဲ့။ ပြောလိုက်လို့ ရှိရင် အဲလိုပဲ သတင်းတွေက တက်နေတယ်။ တကယ်တမ်းကျတော့ စစ်တွေမြို့မှာ ဘာမှ မရဘူး၊ အာ့တာ ဆန်တစ်တောင်းနဲ့ပဲ ပြီးသွားရော”

ဒေါ်သောင်းနု၊ အနောက်စံပြရပ်ကွက်၊ စစ်တွေမြို့

ဆန်တစ်တောင်းတစ်ခါ ရပါတယ်။ နောက်ပြီးတော့ ဆန်လေးဗူးတစ်ခေါက်နဲ့ မာမီးခေါက်ဆွဲ၊ ဝေဖြိုး၊ ငရုတ်သီးခြောက်၊ နည်းနည်း နည်းနည်းပေါ့။ ပြီးတော့ ဖယောင်းတိုင်တစ်ထုတ် အဲလောက်ပဲ ရပါတယ်။ သားသမီးက အကုန်လုံး ၁၂ ယောက်ရှိတယ်။ စားဝတ်နေရေးက အဆင်မပြေဘူး။ နေရထိုင်ရတာက မြင်တဲ့အတိုင်းပဲ။ ဘယ်ကအဆင်ပြေမလဲ။ တစ်နေ့ရှာ တစ်နေစား မြင်တဲ့အတိုင်းပဲလေ အိမ်ဆောက်ဖို့ လည်း ပိုက်ဆံမရှိဘူး။ တဲထိုးပြီးတော့ နေရတယ်”

ဒေါ်ဥမ္မာ၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့

“ အခု အစ်မတို့က မုန်တိုင်းပြီးတာလည်း လဝတ်ကျော်နေပြီ အခုထိ ဆန်က တစ်ဗူးမှ မရဖူးသေးဘူး။ အစ်မတို့ ပတ်ဝန်းကျင်မှာဆိုရင် အဲလောက်ထိကို ဒုက္ခရောက်နေကြတာ ဒီနားမှာ။ နေစရာသာမရှိ စားစရာသာမရှိ မိုးလင်းလာရင် မိုးရွာတော်မလား၊ မိုးချုပ်လာရင် မိုးရွာတော့မလား မိုးရွာလို့ရှိရင် သားသမီးတွေကို ထီးလေးနဲ့မိုးပြီး လုံအောင်နေရတယ် အစ်မတို့ ဘဝက ။ အစ်မစိတ်မှာရှိတာ ပြောရလို့ရှိရင် ဘယ်သူမဆို ဒီရပ်ကွက်မှာ အိမ်လေးတစ်လုံးလေး လုံလုံခြုံခြုံနဲ့ နေရအောင်၊ စားဝတ်နေရေးဆိုရင်လည်း ဥပမာ တစ်ပါတ်ဖြစ်စေ၊ လခွဲဖြစ်စေ ကူညီထောက်ပံ့မယ့်သူများရှိရင် ပိုလို အဆင်ပြေစေချင်တယ် ဒါအစ်မစိတ်မှာရှိတာ။ အခုဆိုလို့ ရှိရင် အလုပ်ကလည်း အဆင်မပြေ။ မိသားစုတွေမှာလည်း ကြည့်လိုက်လို့ရှိရင် ဟိုမိသားစုက မချက်ရသေးဘူး၊ ဒီမိသားစုက ဟိုဟာမရှိဘူး ဟင်းမရှိဘူး အဲလိုမျိုးတွေ ကြားရတာ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ အရင်တုန်းကဆိုလို့ရှိရင် ဆင်းရဲရင်လည်း ကိုယ့်အိမ်မှာကိုယ် လုံလုံခြုံခြုံလေး ဟင်းလေးနဲ့ပဲ စားရရ အခုဆို အစ်မတို့မှာ နေစရာလည်း မရှိတော့ဘူး၊ ဝယ်စရာလည်း ငွေမရှိ အလုပ်ကလည်း အဆင်မပြေဘူး”

ဒေါ်မေနု၊ ဆက်ရိုးကျရပ်ကွက်၊ စစ်တွေမြို့

“ ဒီမှာ ကယ်ဆယ်ရေး သုံးခါ ရပါတယ်။ ဆန် ဗူးလေးဆယ်တစ်ခါ၊ ဗူးနှစ်ဆယ်တစ်ခါ၊ ဗူးဆယ့်ခြောက် ဗူးတစ်ခါရတယ်။ ကျမတို့ရပ်ကွက်က တချို့လူတွေမှာဆိုရင် မုန်တိုင်းဖြစ်ကတည်းက ဆန်ဗူးနှစ်ဆယ် ရသေးတဲ့လူတွေ ရှိပါတယ်။ ကယ်ဆယ်ရေးအိမ်ရှိတဲ့ လူတွေကတော့ သုံးလေးဖြတ်တော့ ရှိပါပြီ။ ဆီတွေ ဘာတွေတော့ ဘာတစ်ခုမှ မရပါဘူး၊ ကျမတို့မှာ အဲဆန်တစ်ခုတည်းနဲ့ ချက်ပြုပ်လို့ မရပါဘူး။ အခုဆို လမ်းပန်း ဆက်သွယ်ရေးမကောင်းဘူ ကျမတို့မှာ အဝေးကြီးမှာ သွားအလုပ်လုပ်နေရတာ။ ပုဏ္ဏားကျွန်းနယ်မှာ သွားလုပ်နေရတာဆိုတော့ အိမ်ထောင်စု မှတ်ပုံတင်တွေကအစ မုန်တိုင်းမှာ အားလုံးပါသွားတယ်၊ ပါသွားတယ်ဆိုတော့ မှတ်ပုံတင်မရှိရင် မသွားရတာတွေ ရှိတယ်။ ကလေးတွေ ကျောင်းတက်ဖို့ မိဘမှာ မှတ်ပုံတင်မရှိတော့ အခက်အခဲတွေလည်း ရှိပါတယ်”

ဒေါ်ဇင်မာနု၊ အုန်းတစ်ပင်ရပ်ကွက်၊ စစ်တွေမြို့

ရွာက ဆန်တစ်တောင်းရယ်၊ သုံးအိမ်ပေါင်းလို့ ဆီတစ်လီတာရယ်၊ ကြက်ဥ သုံးလုံးရယ် အဲတာပဲ ရပါတယ်။ ကျမတို့ တောင်းဆိုချင်တာက အထက်က အစိုးရ လူကြီးတွေကို ကျမတို့ကို ကူညီကြပါ၊ထောက်ပံ့ပေးကြပါ။ ကျမတို့ အဲလိုမျိုး တောင်းဆိုချင်ပါတယ်။ ဒီနားမှာ ကျမတို့ တစ်ယောက်တည်း မဟုတ်ဘူးလေ။ အိမ်နားတွေမှာလည်း အကုန်လုံး ဒုက္ခရောက်နေကြတာ၊ ဒီနားမှာ ဆင်းရဲပင်ပန်းသူတွေ တော်တော်အများကြီးရှိပါတယ်။ အလုပ်လည်း မရှိဘူး၊ ယောကျ်ားမရှိတဲ့သူတွေဆို အိမ်ပြိုသွားလို့ လမ်းဘေးမှာ ဆောက်လို့နေရတဲ့သူတွေလည်း ရှိတယ်။ အစ်မတို့ဆိုရင်လည်း ဘုန်းကြီးကျောင်းမှာ ကပ်နေရတယ်၊ အိမ်မိုးစရာမရှိလို့ အစ်မတို့လည်း ဘုန်းကြီးကျောင်းမှာ နေတယ်အခု။

အောင်ထိန်(DMG) – ‌ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here