“အခုမုန်တိုင်းကြောင့် ပျက်စီးသွားပြီ။ ကျမတို့ဘဝက ဒုက္ခတွေထဲနေ ရုန်းမထွက်နိုင်တော့ဘူး။ မကြာမီမိုးရောက်တော့မယ်၊ မိုးလုံလေလုံနဲ့ နေစရာတစ်ခုလိုချင်တယ်” ဒေါ်စုစု(တိမ်ညိုစစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့နယ်)

0
151

မုန်တိုင်းသင့် စစ်ဘေးရှောင်တွေ ဘယ်လိုစိန်ခေါ်မှုရှိနေကြလဲ

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်တွင် ပြည်သူ ၁၁၅၆,၇၉၆ ဦးမုန်တိုင်းသင့်ခဲ့ရပြီး နေအိမ်၊ အဆောက်အအုံအများအပြားပျက်စီးကာ လူရာနှင့်ချီ သေဆုံးသွားခဲ့ရသည်။ ယင်းအထဲ စစ်ရေးပဋိပက္ခာကြောင့် အိုးအိမ်စွန့်ခွာနေကြရသည့် စစ်ဘေးရှောင်စခန်းအသီးသီးမှာ ယာယီနေအပြားအပြား ပျက်စီးသွားခဲ့သည်။ နဂိုကတည်းက စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်ခံစား နေကြရသည့် စစ်ဘေးရှောင်များမှာ မုန်တိုင်းကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ခဲ့ကြရသည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့်အရာများကို ပြန်လည်နလန်ထူနိုင်ရန် စစ်ဘေးရှောင်များ မည်သို့ စိန်ခေါ်မှုစိန်နေသည်နှင့်ပတ်သက်၍ စခန်းအသီးသီးမှ စစ်ဘေးရှောင်များ၏ စကားသံအချို့ကို မေးမြန်းတင်ဆက်ပေးလိုက်ရသည်။

ဒေါ်စုစု၊ တိမ်ညိုစစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့နယ်

ကျမတို့နဂိုကတည်းက နေစရာမရှိ၊ ထိုင်စရာမရှိ၊ စားစရာမရှိနဲ့အခက်အခဲပေါင်းစုံကိုခံစားနေရတယ်။ အခု ထပ်ပြီးမုန်တိုင်းတိုက်လာတော့ ကျမတို့ဘဝက ဒုက္ခတွေကိုရင်ဆိုင်နေရတယ်။ ကျမတို့မှာ မုန်တိုင်းကြောင့် အိမ်တွေပျက်စီးသွားပြီ။ ပြန်လည်းမဆောက်နိုင်သေးဘူး။ မိုးရွာလာရင် အရမ်းအခက် အခဲဖြစ်ရတယ်။ တာပေါ်လိတ် တွေခြုံပြီး နေနေရတယ်။ အရင်တခါတုန်းက တိမ်ညိုစခန်းမီးလောင်တဲ့ ချိန်မှာလည်း ကျမတို့အိမ်ပါသွားတယ်။ အခုမုန်တိုင်းကြောင့် ပျက်စီးသွားပြီ။ ကျမတို့ဘဝက ဒုက္ခတွေထဲနေ ရုန်းမထွက်နိုင်တော့ဘူး။ မကြာမီမိုးရောက်တော့မယ် မိုးလုံလေလုံနဲ့နေစရာတစ်ခုလိုချင်တယ်။

ဒေါ်အေးခင်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်

ကျမတို့ စစ်ဘေးရှောင်မှာ အကုန်လုံး ပျက်စီးသွားတယ်။ အဝတ်အစားတွေ၊ သောက်ရေ၊ နေထိုင်ရာ နေရာနဲ့ အိမ်သာက အရေးကြီးတယ်။ ရေမသန့်တဲ့အတွက် ကလေးတွေ ၊ အမျိုးသမီးတွေ အရေပြားရောဂါတွေ ဖြစ်ကြတယ်။ အိမ်သာမရှိတဲ့အခါ စခန်းကလူတွေဟာဖြစ်သလို ဖြေရှင်းနေရတယ်။ သန့်ရှင်းတဲ့လေကောင်းလေသန့်တွေမရှူရတာကြောင့် သက်ကြီး ရွယ်အိုတွေ နာမကျန်းဖြစ်ကြတယ်။ မုန်တိုင်းကြောင့် စခန်းမှာရှိတဲ့ ဆန်အိတ်တွေက အကုန်လုံးရေစိုသွားတော့ မနက်ဖြန်စားဖို့ ဆန်မပြောနဲ့ ဒီနေ့အတွက် ဆန် တောင်မရှိဘူး။ ဆန်တစ်အိတ် ကျန်ခဲ့တာကို စခန်းတစ်ခုလုံး စားနေကြရတာ။ ဆန်ဝယ်လို့လည်း မရဘူး။ တစ်ရက်ကို ထမင်းတစ်နပ်ပဲ စားကြတယ်။ ဘယ်လောက်ထိ ခက်ခဲနေလဲ ဆိုရင် ကိုယ့်မွေးထားတဲ့ ခွေးကိုတောင် မလိုချင်တော့ဘူး။ လူတောင်မှဝအောင်မစားနိုင်တဲ့ အခြေနေမှာ ခွေးကိုကျွေးဖို့အတွက် ထမင်းမရှိဘူး။ တချို့ဆိုရင် ၃ ပိုင်းကျိုးသွားတဲ့ ဆန်ကို ဝယ်စားကြတယ်။ ကိုယ့်အိမ် ကိုယ့်ရွာမှာ နေတယ်ဆိုရင် မုန်တိုင်းရှောင်လို့ ပြန်ရင်လည်း ကိုယ့်အိမ်ရှိသေးတဲ့ အသိစိတ်က ရှိနေတယ်။ အခုက ပြန်လာရင်လည်း အိမ်မရှိတော့ဘူး။ သွားစရာ လမ်းလည်း မရှိတော့ဘူး။ ကျမတို့မှာ မျှော်လင့်ချက်လည်း မရှိတော့ဘူး။ ကျန်တဲ့ သူတွေက တစ်ပူပဲ ကျမတို့ စစ်ဘေးရှောင်တွေက တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်နေရတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားကြတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးတော့ ပြုံးမပြနိုင်တော့ဘူး။ အဝတ်အစားတွေလည်း ဘာမှမရှိတော့ဘူး။

ဦးစောဝင်းချေ၊ စေတီတောင်စစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့

ကျနော်တို့မှာ မုန်တိုင်းကြောင့် အကုန်လုံးပျက်စီးသွားခဲ့ပါပြီ။ နေစရာမရှိ၊ စားစရာမရှိနဲ့ အခက်အခဲတွေ က အများကြီးပဲ။ မိုးရွာရင်တာပေါ်လိတ်တွေကိုခြုံပြီးနေကြတယ်။ ကလေးတွေကိုလည်းသနားမိတယ်။ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရ။ အကူအညီတွေကလည်း လုံလုံလောက်လောက် မရသေး။ နောက်သောက်သုံးရေဆိုရင်း မသန့်ရှင်းဘူး။ ဝမ်းရောဂါတွေဖြစ်ကြတယ်။ မိုးရာသီလည်း ရောက်တော့မယ် နေဖို့နေရာက မပြီးနိုင်သေးဘူး။ ကျနော်တို့စစ်ဘေးရှောင်တွေက အခက်အခဲတွေကိုပဲ ရင်ဆိုင်နေကြရတယ်။ တိုက်ပွဲဖြစ်လို့လည်း အားလုံးဆုံးရှုံးခဲ့ရတယ်။ စစ်ဘေးရှောင်စခန်းရောက်တော့ လည်း အနေဆင်းရဲ၊ အစားဆင်းရဲနဲ့နေရတယ်။ အဲဒီထဲမှာ အခု မုန်တိုင်းဒဏ်ကိုပါရင်ဆိုင်နေရတယ်။ မျှော်လင့်ချက်တွေအကုန်လုံးပျောက်ဆုံးနေရတယ်။

ဦးအောင်လှရွှေ၊ ဝါးတောင်စစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်

အဆောင်တွေ အားလုံးပျက်စီးသွားပြီဆိုတော့ ပြန်လည်ပြုပြင်ဖို့ ဆိုတာက တော်တော်လည်း အခက်အခဲ ရှိပါတယ်။ ကျနော်တို့မှာ ဘာမှမတတ်နိုင်တော့ဘူး။ တစ်နေ့လုပ် တစ်နေ့စားတောင်မှ အလုပ်အကိုင်မရှိ ဘူး။ အရင်ကတော့ တောတောင်တွေသွားပြီးတော့ ငါးရှာ၊ ဝါးခုတ်ပြီးတော့ ဝင်ငွေရှိခဲ့တယ်။ အခုနောက် ပိုင်းမှာ ဘာမှမရှိတော့ဘူး။ ပျက်စီးသွားတဲ့ နေရာကိုကြည့်ပြီးတော့ စိတ်ရှုပ်နေရတာ။ ကျနော်တို့ဟာ စစ်ဘေးရှောင်ဘဝမှာလည်း အဆင်မပြေပဲနဲ့ ဖြစ်သလိုနေကြတာ။ အခုလည်း မုန်တိုင်းရှောင် ဘဝကို ထပ်ရောက်သွားတော့ လောလောဆည် အနေထားလည်း ဘာမှမရှိဘူး။ အနာဂတ်လည်း ဘာမှန်း မသိတော့ဘူး။ အိုးမဲ့ အိမ်မဲ့ ဘဝမှာ အလုပ်အကိုင်တွေ၊ သားသမီး ပညာရေးတွေက ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ကိုယ့်နေရာကိုသွားရင်လည်း အဆင်မပြေတော့သလို ဒီမှာနေရင်လည်း အဆင်မပြေတော့ဘူး။ သူများတွေဘဝက မကျေနပ်ရင် တစ်ကပြန်စနိုင်ပေမယ့် ကျနော်တို့ဘဝက မကျေနပ်ရင် သုညက ပြန်စရမယ့်ဘဝပါ။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here