စစ်ကိုင်းတိုင်းအား ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ပေါ်ဖို့ မျှော်လင့်ကြောင်း “စစ်ကိုင်းဖိုရမ်” သို့ KNU သဝဏ်လွှာပို့

0
385

စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ပေါ်ဖို့ မျှော်လင့်ကြောင်း တော်လှန်ရေး အင်အားစုများ စုဆုံဆွေးနွေးနေသည့် “စစ်ကိုင်းဖိုရမ်” ကို ကရင်အမျိုးသားများအစည်းအရုံး KNU က မေလ ၃၀ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် နွေဦးတော်လှန်ရေးတွင် ပထမဆုံးသော လက်နက်ကိုင်တော်လှန်ရေးစတင်သည့် ဒေသဖြစ်ပြီး ဒီဖိုရမ်ကနေ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးကိုလည်း KNU အနေနဲ့ တိုက်တွန်းကြောင်း သဝဏ်လွှာရေးသားပြောဆိုထားသည်။

ဒီဖိုရမ်ဟာ ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်ပေါ်လာရေး ဦးတည်ပြီးတော့ တခြားဒေသတွေအတွက် စံနမူနာဖြစ်စေဖို့၊ တခြားသော ဒေသတွေမှာလည်း ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးလုပ်ငန်းများဖော်ထုတ်မှုတွေ အားကောင်းလာစေမှာဖြစ်တယ်လို့ ပြောဆိုပေးပို့ထားသည်။

စစ်ကိုင်းဖိုရမ်ကို မေလ ၃၀၊ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဖိုရမ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဦးဆောင်ကျင်းပသူများက ထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကိုင်းဖိုရမ်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေသည့် မြေပေါ်၊ မြေအောက်တော်လှန်ရေးအင်အားစုပေါင်း ၁၈၀ ကျော်ပါဝင်ဆွေးနွေးနေပြီး တိုင်းဒေသကြီးအတွင်း တော်လှန်ရေးပိုမိုစုစည်းခြင်းအားကောင်းလာဖို့ ရည်ရွယ်တယ်လို့ တော်လှန်ရေးစာစဉ်ရဲ့ အယ်ဒီတာ့ အာဘော်မှာ ဖိုရမ်ရဲ့ Document တချို့ကိုကိုးကားပြီး ဖော်ပြထားပါသည်။

စစ်ကိုင်းဖိုရမ်ကို တော်လှန်ရေးအင်အားစုတချို့ကလည်း အောင်မြင်စေကြောင်း၊ စုပေါင်းဆောင်ရွက်မှုအားနည်းခြင်းတွေကို ဖြေရှင်းကြဖို့အတွက် မျှော်လင့်ကြောင်း စသဖြင့် သဝဏ်လွှာ ပေးပို့ထားကြပါသည်။

စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ယောကာကွယ်ရေးတပ် (YDF)၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRA)၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ 96 SOLDIERS – PDF (အညာဒေသ)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ပြည်သူ့ပန်းတိုင်အဖွဲ့၊ တ.က.သ ကျောင်းသားဟောင်းများအင်အားစု၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီ (AYYSFC)၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) စသည့် နွေဦးတော်လှန်ရေးအင်အားစုအသီးသီးမှ သဝဏ်လွှာများ‌ပေးပို့ခဲ့သည်ကို တွေ့ရပါသည်။

ရှမ်းနီအသံ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here