ရခိုင်မုန်တိုင်းသင့်ပြည်သူများအတွက် ULA/AA ထံ NDAA နှင့် NMSP တို့က ကျပ်သိန်း ၂၅၀၀ လှူဒါန်း

0
242

မေလ (၁၄) ရက်နေ့တွင် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကို ဝင်ရောက်တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က ကျပ်သိန်း ၂၅၀၀ ကို လှူဒါန်းထားကြောင်း ULA က မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။

လူသားချင်းစာနာထောက်ထားမှုဖြင့် PSC/NDAA ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ပေးအပ်လှူဒါန်းလာသည့် ကျပ်သိန်း ၂ ထောင်တိတိနှင့် မွန်ပြည်သစ်ပါတီ (NMSP) မှ ပေးအပ်လှူဒါန်းလာသည့် ကျပ်သိန်းငါးရာ တိတိအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ကောင်းမွန်စွာ လက်ခံရရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

မုန်တိုင်းလေဘေးဒဏ်ကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့် အချိန်တွင် ယခုကဲ့သို့မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

ရခိုင်တွင် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကေအိုင်အို ဗဟိုဌာနချုပ်မှကျပ်သိန်းသုံးထောင်၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ သိန်းတစ်ထောင်၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ ကျပ်သိန်းငါးရာ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မှ ကျပ် သိန်းတစ်ထောင်နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) မှ ကျပ်သိန်းတစ်ထောင် တို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှတဆင့် လှူဒါန်းထားသည်ကို တွေ့ရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here