စစ်ကောင်စီလက်အောက်ခံ BGF ၅ ဦး ရှင်းလင်းခံရကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ဟုဆို

0
123

KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်းသို့ နယ်မြေကျူးကျော် ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) အဖွဲ့ဝင် ၅ ဦး ရှင်းလင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNLA အမှတ် (၅) က မေလ ၂၈ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်သည်။

အဆိုပါ BGF အဖွဲ့ဝင် ၅ ဦးသည် မေလ ၂၆ ရက်နေ့က နံနက် ၆ နာရီလောက်က ဝါးဒူးနှင့် လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင်အနီး တစ်နေရာ၌ လမ်းကင်းယူနေခဲ့ကြောင်း သိရှိရသည်။

ထိုအချိန် KNLA အမှတ် (၅) တပ်မဟာ၏ ဌာနချုပ်က ရဲဘော်များနှင့် ၎င်းလက်အောက်ရှိ တပ်ရင်း (၁၀၂) တို့က ရဲဘော်များဖြင့် BGF အဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ BGF ၅ ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် သေဆုံး BGF အဖွဲ့ဝင်များထံမှ M 16 AR (၄) လက်၊ M 79 လောက်ချာ (၁) လက်၊ 9 MM ပစ်စတို (၁) လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထိုအပြင် M 16 AR ကျည် (၃၂၀) တောင့်၊ M 79 လောက်ချာကျည် (၁၇) လုံးတို့နှင့် စစ်ဝတ်တန်ဆာ (၄) စုံ၊ M 16 AR ကျည်ဘောက် (၄) ခု၊ စကားပြောစက် (၁) လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here