“စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ပိတ်ပင်ထားမယ်ဆိုရင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးဟာ နောက် ၆ နှစ်၊ ၇ နှစ်ဝန်းကျင်လောက်တောင် ကြာသွားနိုင်ပါတယ်” ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး

0
111

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတာဝန်ရှိ ခေါင်းဆောင်တစ်ဦးနှင့် အမေးအဖြေ

မေလ ၁၄ ရက်နေ့က တစ်နာရီမိုင် (၁၃၀) ကျော်နဲ့ တိုက်ခတ်သွားခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အတော်တော်များမှာ လူနေအိမ်တွေ အပါအဝင် အဆောက်အဦတွေ သိန်းနဲ့ ချီပြီး ပျက်စီးသွားခဲ့သလို လူပေါင်း တစ်သန်းကျော်ဟာလည်း မိုခါမုန်တိုင်းဒဏ်ကို ထိခိုက် ခံစားနေကြရပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဟာ မိုခါမုန်တိုင်းသင့်ဒေသတွေအထဲက ရခိုင်ကျေးရွာတွေကိုသာမက မူဆလင်ကျေးရွာတွေအထိ ကိုယ်တိုင် မြေပြင်ထိ သွားရောက်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ကူညီပေးနေပါတယ်။

ဒီလို ကူညီပေးနေတဲ့ နေရာမှာ လက်ရှိ မြေပြင်အနေအထားက ဘယ်လိုရှိနေသလဲဆိုတာ အခြေအနေမှန်ကို သိရှိနိုင်အောင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းတင်ပြထားပါတယ်။

မေး- ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ မိုခါမုန်တိုင်းအလွန်မှာ လေဘေးသင့်ကျေးရွာတွေကို သွားပြီးတော့ ကူညီလှူဒါန်းနေတာတွေ့ရတယ်။ အဲဒါလက်ရှိအချိန်ထိ သွားရောက်ကူညီပေးမှု အခြေအနေကို ပြောပြပေးပါလား။

ဖြေ- ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့တော့ စစ်တွေမြို့နယ်ထဲက ပျက်စီးသွားခဲ့တဲ့ရွာတွေ၊ နောက်ပြီးတော့ ပုဏ္ဏားကျွန်းနယ်မှာရှိတဲ့ အလွန်အခက်အခဲဖြစ်နေတဲ့ရွာတွေရှိတယ်ပေါ့နော်။ ကျွန်တော်တို့စာရင်းထုတ်ပြန်ထားတာလည်းရှိတယ်။ ရေပြတ်လပ်နေတဲ့ ရွာတွေကို ကျွန်တော်တို့ အဓိကထားပြီးတော့သွားလှူတာတွေ ရှိတယ်။ ပြီးတော့မြို့ပေါ်ကဆင်းရဲတဲ့ရပ်ကွက်တွေ၊ သုံးရေတောင် အဆင်မပြေတဲ့ရပ်ကွက်တွေဆိုရင်လည်း သွားပြီးလှူတာရှိပါတယ်။ပြီးတော့ မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်နေတဲ့ အချိန်မှာ အဆက်အသွယ်မပြတ်တောက်ရအောင် မီးစက်တွေနှိုးပေးပြီးတော့ အခမဲ့ အားသွင်းနိုင်အောင် ကူညီပေးနေတာလည်း ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့ သမဂ္ဂတခုတည်း အနေနဲ့ကလည်း NGO အဖွဲ့အစည်းလည်းမဟုတ်၊ CSO ပုံစံမျိုး လည်းမဟုတ်ဘူးဆိုတော့ ငွေရေးကြေးရေးကလည်း လှူဒါန်းချင်သလောက် အဆင်မပြေတာတွေ ရှိပါတယ်။အခုလက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်ထဲက သောက်သုံးရေအဆင်မပြေတဲ့ရွာတွေကို စာရင်းကောက်ပြီးတော့ လှူပေးနေပါတယ်။

မေး- ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ မုန်တိုင်းသင့်မူဆလင်ကျေးရွာတွေကိုလည်း ကူညီပေးတာလည်း ရှိတယ်ပေါ့နော်။ အဲဒါကဘယ်လို အစီစဥ်သွားဖြစ်တာလဲ။ မုန်တိုင်းသင့် မူဆလင်ကျေးရွာတွေ အခြေအနေဘယ်လိုရှိနေလဲ။

ဖြေ- စစ်တွေမြို့နယ်မှာရှိတဲ့တချို့မူဆလင်ရွာတွေကို ကျွန်တော်တို့ ကွင်းဆင်းတယ်။ ကွင်းဆင်းတဲ့အခါ NUG ကထုတ်ပြန်ထားတာက သေဆုံးသူမူဆလင်အရေအတွက် ၄၀၀ ကျော်လို့ ထုတ်ပြန်ထားတာရှိတယ်။ကျွန်တော်တို့ ကွင်းဆင်းကြည့်တဲ့အခါ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ကျနော်တို့ရထားတဲ့စာရင်းအရတော့ အလောင်းရပြီးသဂြိုလ်ပြီးစီးတာက ၁၃၀ ကျော်ရှိတယ်။ အခု ထပ်ပြီးတော့အလောင်းထပ်တိုးလာတဲ့စာရင်းအရဆိုရင် ၊ ၁၄၀ လောက်ရှိတယ်ပေါ့နော်။၃၀၀ ၊ ၄၀၀ ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ပြီးတော့ ကျနော်တို့ စာရင်းကောက်တဲ့အခါ တချို့အလောင်းတွေ မျက်နှာတွေပျက်စီးနေတာတွေလည်းရှိတယ်။ဆိုတော့ နာမည်၊အသက်အရွယ် နေရပ်လိပ်စာနဲ့ အတိအကျပြောဖို့တော့မဖြစ်နိုင်ဘူး။ တချို့တွေဆိုရင် မိသားစုဝင်တွေသေသွားလို့ ရူးသွားတဲ့အခြေအနေမျိုးလည်းရှိတယ်ဆိုတော့ လူမှုရေးအရ ဘယ်သူ့မိသားစုထဲက ဘယ်သူသေသွားလဲ ဆိုတာမျိုးမေးဖို့ကြတော့ မဖြစ်ပြန်ဘူး။သေဆုံးသူကတော့ အလွန်ဆုံးဆိုရင်တော့ ၂၀၀ ဝန်းကျင်လောက်ပဲရှိမယ်။ နောက်ပိုင်းမှာ ဖြစ်နိုင်မယ်ဆိုရင် မူဆလင်ကျောင်သားသမဂ္ဂနဲ့ ပေါင်းပြီးတော့ သေဆုံးသူ စာရင်းကိုနာမည်နဲ့အတိအကျလုပ်နိုင်ရင်တော့ လုပ်သွားဖို့ရှိပါတယ်။

မေး- အစ်ကိုတို့ ကိုယ်တိုင်သွားရောက်ကွင်းဆင်းပြီး ကူညီပေးနေတယ်ဆိုတော့ မုန်တိုင်းသင့်ကျေးရွာတွေမှာလက်ရှိ ဘယ်လို အခြေအနေမျိုးတွေ ရှိလဲ။ ဘာအခက်အခဲတွေ အဓိကတွေ့ရလဲ။အဲဒီရွာတွေကို အစိုးရဖက်ကရော ကယ်ဆယ် ထောက်ပံ့တာတွေ့ရလား။

ဖြေ- လောလောဆယ်တော့ အစိုးရဖက်က ထိထိရောက်ရောက်ကယ်ဆယ်ထောက်ပံ့တာမျိုးကို မတွေ့ရသေးဘူး။သို့သော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကိုယ်တိုင်ပေါ့နော်။မူဆလင်ရွာကတွေ မော်လဝီဆရာတွေနဲ့ လာတွေ့တာတွေ ရှိတယ်။သူတို့ကြားမှာတော့ လူသေမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိတယ်။ ပြီးတော့ ကယ်ဆယ်ရေးလုပ်ဖို့အတွက် သဲချောင်းတံတားကို တစ်ရက်နှစ်ရက်အတွင်းမှာ အပြီးလုပ်ထားတဲ့ အနေအထားတော့တွေ့ရတယ်။ သို့သော်လည်း ထိထိရောက်ရောက် ကယ်ဆယ်ထောက်ပံ့တာတွေမရှိသေးဘူး။ ဆိုတော့ မြေပြင်အခြေအနေမှာ မုန်တိုင်းသင့်မူဆလင်တွေအတွက် အရေးကြီးနေတာက အမိုးအကာတွေပါ။ နောက်ပြီးတော့ မုန်တိုင်းမတိုက်ခင် WFP ကထောက်ပံ့တဲ့ စားနပ်ရိက္ခာအနည်းအပါးရှိပေမယ့် တချို့ရွာတွေဆို ရွာလုံးကျွတ်ပျက်စီးသွားခဲ့တာတွေရှိတယ်။တချို့ရွာတွေဆိုရင်လည်း အိမ်ခြေ လေးငါးဆောင်လောက် ကျန်လိုက်တော့တဲ့ အနေအထားရှိတယ်။ ဆိုတော့သူတို့အတွက်စားနပ်ရိက္ခာတွေကို WFP တို့ဖက်လည်းပြန်ပေးသင့်တယ်ပေါ့နော်။ အများကြီး ပျက်စီးဆုံးရှူံးသွားတယ်။ သုံးလစာ ထောက်ပံ့ပေးထားတာတွေလည်း ဆုံးရှုံးသွားတာတွေရှိတယ်ဆိုတော့လေ။အဓိက အမိုးအကာနဲ့ ဆန်စားနပ်ရိက္ခာလိုအပ်နေပါတယ်။အဲဒါတွေကို အမြန်ဆုံးထောက်ပံ့ကူညီနိုင်မှ အဆင်ပြေမယ်။

မေး- မုန်တိုင်းသင့်ရွာတွေကို ကိုယ်တိုင်သွားပြီးကူညီတဲ့ခရီးစဥ်တွေကရော လွတ်လပ်မှုရှိရဲ့လား။ ကန့်သတ်တာတွေရှိနေလား။ဘယ်လိုအခြေအနေမျိုးပါလဲ။

ဖြေ- လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့သွားပြီးတော့ ထောက်ပံ့ပေးလို့ ရနေပါတယ်။ နောက်ပိုင်းကျတော့ကျွန်တော်တို့ မပြောတတ်ဘူးပေါ့နော်။ လက်ရှိ ULA ဖက်ကလည်း ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး လုပ်နေတာတွေရှိတယ်။စစ်ကောင်စီဖက်ကလည်း လုပ်နေတာတွေရှိတယ်ပေါ့နော်။ ဆိုတော့အစိုးရနှစ်ရပ်ကြားမှာ နောက်ပိုင်းကျရင်တော့ ဂိတ်တွေချပြီးတော့ စစ်ကောင်စီဖက်ကတင်းကြပ်သွားမယ်ဆိုရင်တော့ ပြည်သူလူထုတွေအနေနဲ့ အလှူအဒါန်းပေးတာမှာတော့ ဒုက္ခရောက်တာတွေရှိလာနိုင်မယ်။လောလောဆယ်တော့ တခြားအဖွဲ့အစည်းတွေ လည်း သွားပြီးကူညီပေးနေတာတချို့ကိုတော့ ကျနော်တို့ တွေ့နေရပါတယ်။ လောလောဆယ်တော့ ကန့်သတ်မှုတွေတော့ ဆိုးဆိုးဝါးဝါးကြီးတော့မရှိသေးဘူးပေါ့။

“စစ်ကောင်စီအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ပိတ်ပင်ထားမယ်ဆိုရင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးဟာ နောက် ၆ နှစ်၊ ၇ နှစ်ဝန်းကျင်လောက်တောင် ကြာသွားနိုင်ပါတယ်” ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး

ဖြေ- အဓိက လောလောဆယ်က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြသနာက ပြည်ပနိုင်ငံတွေက ဝင်လာမယ့် အထောက်ပံ့ပေးမယ့်ဟာတွေကို၊ လက်မခံတာပါပဲ။မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေအရ စီးပွားဆုတ်ယုတ်ကျဆင်းနေရတာရှိတယ်။နိုင်ငံရေးအရ အဆင်မပြေတာတွေ ရှိတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းလို့မရတဲ့ပြသနာတွေရှိနေတယ်။ဆိုတဲ့အပေါ်မှာ အစိုးရတရပ်အနေနဲ့လည်း မုန်တိုင်းသင့်ပြန်လည်ထူထောင်ရေးကို ထိထိရောက်ရောက်လုပ်ပေးနိုင်မယ်လို့ ကျနော်တို့မထင်ဘူး။ မထင်တာက လောလောဆယ် စစ်တွေမြို့ပေါ်မှာ လုပ်နေတာတွေရှိတယ်။နယ်ဘက်တွေကိုသွားပြီးတော့ ကျွန်တော်တို့ ကြည့်လိုက်တဲ့အချိန်မှာ မုန်တိုင်းသင့် အိမ်ထောင်စုတွေကို မာမီးခေါက်ဆွဲလေး တစ်ထုပ်ရယ်။ဆန်တစ်ဗူး၊နှစ်ဗူးပဲ ပေးတာတွေ့ရတယ်။ အဲဒီလောက် အထောက်ပံ့၊ အနေအထားနဲ့ကတော့ ပြည်သူတွေငတ်ပြီးသေကြမှာပဲ။ပြီးတော့ ဒီကာလမှာပြည်သူတွေရဲ့ အဆုံးစီရင်မှုတွေလည်း ပိုပြီးများလာတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျောက်တော်နယ်က မုန်တိုင်းသင့်အမျိုးသမီးတစ်ဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတာရှိတယ်။ ပြီးတော့ မုန်တိုင်းအလွန်မှာ ဝမ်းရောဂါစတဲ့ ကပ်ရောဂါတွေနဲ့ သေဆုံးသွားသူတွေလည်း ရှိနေတယ်။မိုခါပြီးတဲ့နောက်မှာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါတွေကြောင့် ရေမသန့်ရှင်းမှုတွေကြောင့် သေဆုံးရသူတွေလည်း အများကြီးပါပဲ။ အဲဒီအခြေအနေမျိုးမှာ စစ်ကောင်စီအစိုးရ တခုတည်းအနေနဲ့တော့ လိုက်နိုင်မှာမဟုတ်ဘူး။ အဲဒီတော့နိုင်ငံတကာအဖွဲ့အစည်းတွေကိုဝင်ခွင့်ပေးမှ၊ နိုင်ငံတကာက ကူညီမှ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ပြန်ပြီးတော့ နာလန်ထူနိုင်မယ့်အခြေအနေရှိပါတယ်။ ဆိုတော့ စစ်ကောင်စီ အစိုးရ အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကူညီထောက်ပံ့မှုတွေကို ပိတ်ပင်ထားမယ်ဆိုရင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး နောက် ၆ နှစ်၊ ၇ နှစ်ဝန်းကျင်လောက်တောင် ပုံမှန်အခြေအနေ ရောက်ဖို့အတွက် ကြာသွားနိုင်ပါတယ်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here