ရေတာရှည်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူမှုကြောင့် ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရ

0
219

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာမကျေးရွာအုပ်စုတွင် စစ်ကောင်စီနှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၇) ရက်နေ့က အဆိုပါကျေးရွာအုပ်စုရှိ ဆွာရွာမနှင့်ရွာသစ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိတွေတိုက်ပွဲဖြစ်ပွားပြီး ဆွာမြို့အခြေစိုက် စစ်ကောင်စီတပ်များမှ စစ်တောင်းမြစ်အရှေ့ဘက်၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ကူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးရှိ တိုက်ပွဲသတင်းများဖော်ြပပေးနေသော Bago Region PDF က မတ်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသသည် သံတောင်မြောက်ပိုင်း (အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့ (NTDF) စိုးမိုးမှုရှိသောနယ်မြေအတွင်းဖြစ်ပြီး စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အိမ်ခြေ (၆၀၀) ခန့်ရှိသော ကျေးရွာအုပ်စုများရှိ ဒေသခံများ လက်နက်ကြီး လွတ်ကင်းရာနေရာများသို့ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း NTDF ၏ ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ပြောသည်။

၎င်းက “လက်နက်ကြီးက ညကအထိထုနေသေးတယ်ဆိုတော့ လောလောဆယ် ဒေသခံတွေက အိမ်ပြန်မနေရဲကြဘူး။ လွတ်တဲ့နေရာမှာ သွားရှောင်နေရတုန်းပဲ။ ရွာသစ်ရွာထဲကိုတော့ လက်နက်ကြီးကျပေမယ့် လူထိတာမရှိဘူး။ အဆောက်အအုံ ထိခိုက်ပျက်ဆီးတာတော့ရှိတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ရေတာရှည်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ထိုမြို့မှတဆင့် သံတောင်မြောက်ပိုင်းဒေသသို့ ရွေ့ပြောင်းလာသော ဒေသခံများလည်းရှိနေပြီး ယခုအခါ သံတောင်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ သုံးထောင် (၃,၀၀၀) ခန့်ရှိနေ၍ ၎င်းစစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးနှင့်စားသောက်ကုန်များ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

အလားတူ စစ်ကောင်စီသည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ နေ့စဥ်နေ့တိုင်း လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဒေသခံများအနေဖြင့် အသွားအလာသတိထားကြပါရန် NTDF က မတ်လ (၂၃) ရက်နေ့ရက်စွဲဖြင့် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် သတိပေးထုတ်ပြန်သည်။

ယမန်နေ့ မတ်လ (၁၇) ရက်နေ့က စစ်ကောင်စီနှင့်ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုထားသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here