ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းသဖြင့် ရွာ ၆ ရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

0
399
ဓာတ်ပုံ - မြကန်ကျေးရွာမှ ထွက်ပြေးတိမ်ရှောင်ရသည့် ဒေသခံများနှင့် မီးရှို့ခံရသည့် နေအိမ်များ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းက မြကန်ရွာအပါအဝင် ရွာ ၆ ရွာကို မတ်လ ၂၃ ရက် ယနေ့မနက် ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၀င်ရောက်လာပြီး မြကန်ရွာသားတစ်ဦး အသတ်ခံလိုက်ရကာ နေအိမ်များလည်း မီးရှို့ခံရသဖြင့် ကျေးရွာ (၆) ရွာက ဒေသခံ ၂၀၀၀ လန့် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရှိရသည်။

ဘေးလွှတ်ရာ ပြောင်းရွှေနေ့စဉ် မြကန်ရွာသားတစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုးပြီး အသတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အသက် ၆၅ နှစ်အရွယ် ဦးညိုတင် မလွတ်လာဘူးဗျ အသတ်ခံလိုက်ရတယ်။ ဘယ်လိုအသတ်ခံရတာလဲဆိုတော့ အ၀တ်ထုပ်တွေတင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့လုပ်နေတဲ့ အချိန် ဖမ်းမိသွားပြီး အသတ်ခံရတာ” ဟု ၎င်းက ပြောပါသည်။

မြကန်ရွာအနီးတဝိုက်ရှိ ရွာပေါင်း ၆ ရွာလောက်က ဒေသခံများသည်လည်း ထွက်ပြေးနေရကြောင်း၊ စစ်ကောင်စီတပ်များသည် မြကန်ရွာမှ ရွာသစ်ကုန်း ဘက်သို့ မနက် ၁၀ နာရီခန့်တွင် ပြန်လည် ထွက်ခွာသွား ပြီး ၁၁ နာရီခန့်တွင် အင်းပတ်ကွေ့တောင်ဘက် ဆီဆိုင်အနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အခြား ရွာများသို့ ၀င်ရောက်လျက်ရှိကြောင်း ထွက်ပြေးတိမ်ရှောင်နေရသည့် ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ရွာဝင်တစ်ရွာထွက်လုပ်နေသဖြင့် ဒေသခံများသည် ပြေးလမ်းပျောက်နေရသလိုဖြစ်နေကြောင်း တိမ်းရှောင်နေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

“ဟိုဘက်ကပြီးတော့ ဒီဘက်ကပတ်၀င်တဲ့ သဘောပေါ့။ အခုကျမတို့လဲ ထပ်ပြီးတော့ နောက်တစ်နေရာ ပြောင်းပြေးရတာပေါ့။ အင်းပတ်နဲ့ ချမ်းသာကုန်းရွာကြားကနေ ပြန်တက်လာတယ်ကြားတာ။”
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီမှ လက်နက်အင်အား တပ်အင်အား အများအပြား ဖြင့် ၀င်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုများ၊ ကျေးရွာဒေသခံများ သတ်ဖြတ်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်နေကြရသည်။

အရာတော်၊ ဝက်လက်၊ ရွှေဘို၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် မြို့နယ် ၁၄ မြို့နယ်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရသည့် မြို့နယ်များဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကိုင်းတိုင်းအပါအ၀င် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်း ဒေသများတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူပေါင်း ၁၀ သိန်းနီးပါးရှိကြောင်း ဖော်ပြထားသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here