အင်းတော်မြို့နယ် မာန်ဟဲရွာအတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးပိတ်ဆို့မှု လုပ်ဆောင်နေ

0
383

စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ် မာန်ဟဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးပိတ်ဆို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသသတင်းအရင်းအမြစ်များပြောသည်။

မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် စစ်သားအင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းသည် အိမ်စီးကားများဖြင့် အသုံးပြုကာ မာန်ဟဲကျေးရွာသို့ ရုတ်တရက်ဝင်ရောက်လာပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“သူတို့က အိမ်စီးကားတွေနဲ့ ရွာထဲကိုရုတ်တရက် ရောက်ချလာတာ ဒလံတိုင်တာလို့ပြောတယ် ရွာသားတွေအားလုံးကို ဖမ်းထားတာမျိုးတော့ မဟုတ်ဘူး လူရွေးပြီး ဖမ်းထားတာ။ အိမ်တွေကိုလည်းလိုက်ရှာလိုက်မွှေတာတွေလုပ်တယ်” ဟု ပြောသည်။

အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို မာန်ဟဲရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဖမ်းဆီးထားပြီး ရွာသားများကိုလည်း ရွာအပြင်ထွက်ခွင့်မပြုကြောင်း သူကဆက်ဆိုသည်။

“ရွာကိုဖုန်းဆက်သွယ်နေတာ ဖုန်းဆက်လို့မရဘူးဖြစ်နေတယ် ရွာသားတွေကိုအပြင်ထွက်ခွင့် မပေးပဲထိန်းထားတယ်လို့သိရတယ်” ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မာန်ဟဲကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါးရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး အင်းတော်မြို့နယ်အတွင်းက ကချင်ပြည်နယ်နှင့် နယ်နိမတ်ချင်းထိစပ်နေပါသည်။

လက်ရှိ အင်းတော်မြို့နယ်အတွင်းတွင် လက်ရှိစစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းခွဲကာ လှည့်လည်စစ်ကြောင်းထိုးနေပြီး နန့်သာရွာ၊ နားရခေါင် ကျေးရွာများဘက်တွင် ဝင်ရောက်တပ်စွဲနေကြောင်း ဒေသခံပြည်သူများပြောသည်။

ကချင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းစပ်နေသည့် အင်းတော်မြို့နယ်တွင် စစ်ကောင်စီက အင်အားသုံးကာ စစ်ရေးလှုပ်ရှားမှု ပုံမှန်ပြုလုပ်လျက်ရှိပြီး ယခုကဲ့သို့ ကျေးရွာများအတွင်း ဝင်ရောက်ကာ ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here