“ခရီးသွားလာရင်းနဲ့ မသင်္ကာလို့ တားမြစ်စစ်ဆေးရင်းနဲ့ တရားမဝင်လုပ်သားတွေ သယ်ဆောင်လာလို့ ဖမ်းဆီးအရေးယူခံရတာတွေ၊ တချို့ပွဲစားတွေကျတော့လည်း တောတွင်းတနေရာမှာ မူလကတိပြုထားတဲ့ နေရာအထိပို့ဖို့ သူတို့အတွက် ပွဲစားတွေအတွက် အန္တရာယ်ရှိလို့ဆိုပြီး လုပ်သားတွေကို ဒီနေရာမှာ ခေတ္တစောင့်ဆိုင်းပါဆိုတာမျိုး စွန့်ပစ်ထားခဲ့တာမျိုးတွေရှိတယ်” ဦးအောင်ကျော် (ဥက္ကဌ၊ MWRN)

0
481

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်နှင့် အမေးအဖြေ

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာ၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေ မငြိမ်မသက်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့အတွက် ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေ နေ့စဉ်နဲ့အမျှ ဆက်ရှိနေတာပါ။ လက်ရှိမှာတော့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ လူမှောင်ခိုပွဲစားတွေက တောတွင်းနေရာတွေမှာ စွန့်ပစ်တာတွေ ခံနေရသလို မကြာခဏ ဖမ်းဆီးခံရတဲ့ အခြေအနေတွေကို ဆက်လက် ရင်ဆိုင်နေရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ထိုင်းနိုင်ငံထဲ အလုပ်အကိုင် ရရှိမှု၊ တောတွင်းနေရာတွေမှာ စွန့်ပစ်တာတွေခံရတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရင်ဆုံး ထိုင်းနိုင်ငံထဲကို နယ်စပ်ကနေတစ်ဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဖမ်းဆီးခံရမှုအခြေအနေတွေ ဘယ်လိုဆက်ရှိနေလဲ ပြောပြပေးပါဦး။

ဖြေ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီအတွင်းမှာလည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အုပ်စုတွေက ရှိနေဆဲ ပဲဗျ။ ဘာလို့ဆို ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်း မရှိဘူးလေ။ မရှိဘူးဆိုတော့ သူတို့အတွက် အလုပ်ရရှိနိင်ရေးက တခြားအကြောင်းလည်း ရှိတာပေါ့လေ။ တိုင်းပြည်ရဲ့ မငြိမ်မသက်မှုတွေအရ မှောင်ခိုကုန် ကူးပွဲစားတွေနဲ့ ကျွန်တော်တို့ နယ်စပ်တွေဖြတ်ကျော်ပြီး ကုန်ကူးတဲ့ ပွဲစားတွေနဲ့ နယ်စပ်တွေ ဖြတ်ကျော် ဝင်လာနေတာတော့ အခုထိလည်း ရှိနေဆဲပဲ။

ပြီးရင် ဖမ်းဆီးအရေးယူခံနေရတာတွေကလည်း ခဏခဏထိုင်းသတင်းတွေမှာ တွေ့နေရတယ်။ တချို့ကျ တော့လည်း ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်မလို့ဆိုပြီး ခိုးဝင်လာတာတွေရှိသလို တချို့ကျတော့လည်း ထိုင်းကနေတဆင့် မလေးရှားနိုငငံဘက်ကို ဖြတ်ကူးဖို့အတွက် ထိုင်းရိုင်းဘက်မှာလည်း ဖမ်းဆီးအရေး ယူခံနေရတာတွေ ရှိတယ်ဆိုတာလည်း ကျွန်တော်တို့ ကြားသိနေရပါတယ်။ ဒါကတော့ ဒီလိုမျိုး စာရင်း ဇယားကိန်းဂဏန်းမျိုးဆိုတာကလည်း ကျွန်တော်တို့က ရဖို့ဆိုတာ မလွယ်ဘူးပေါ့နော်။ ထိုင်းနိုင်ငံမှာ နယ်စပ် ကီလိုမီတာ၂၀၀၀ကျော်လောက်အထိ ထိစပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် နေရာတိုင်းကနေ အလျဉ်းသင့်ရင် သင့်သလို ပွဲစားတွေကနေ ခေါ်ပေးနေတာကြောင့် ဘယ်လောက်အရေအတွက်အထိ ထိုင်းနိုင်ငံထဲကို ဝင် ရောက်နေတာဖြစ်ကြောင်း ကျွန်တော်တို့ အတိအကျမပြောနိုင်ပေမယ့်လို့ ကျွန်တော်ထင်ပါတယ်။ ဟိုးအရင် တုန်းက အဖွဲ့အစည်းပေါင်းစုံခြုံငုံ သုံးသပ်ထားတာကတော့ လစဉ်ပျှမ်းမျှတစ်လကို လေးထောင်လောက်က တော့ ဝင်နေကြတယ်လို့ ကျွန်တော်သုံးသပ်ထားတာတော့ ရှိပါတယ်ခင်ဗျ။

မေး။ ထိုင်းတောင်ပိုင်းဘက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ စွန့်ပစ်ခံနေရတာတွေ ကြားနေရပါတယ်။ အဲဒီအ ခြေအနေလေးလည်း ပြောပြပေးပါဦး။

ဖြေ။ ခရီးသွားလာရင်းနဲ့ မသင်္ကာလို့ တားမြစ်စစ်ဆေးရင်းနဲ့ တရားမဝင်လုပ်သားတွေ သယ်ဆောင်လာလို့ ဖမ်းဆီးအ ရေးယူခံရတာတွေရှိသလို တချို့ပွဲစားတွေကျတော့လည်း တောတွင်းတနေရာမှာ မူလကတိပြုထားတဲ့ နေရာအ ထိပို့ဖို့ သူတို့အတွက် ပွဲစားတွေအတွက် အန္တရာယ်ရှိလို့ဆိုပြီး လုပ်သားတွေကို ဒီနေရာမှာ ခေတ္တစောင့်ဆိုင်းပါ ဆိုတာမျိုး စွန့်ပစ်ထားခဲ့တာမျိုးတွေရှိတယ်။ ထိုင်းနိုင်ငံသားတွေက သတင်းရပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင် တွေကို အကြောင်းကြားလို့ စွန့်ပစ်ခံရပြီးမိသွားပြီးမှ ပွဲစားကိုလည်း ဖမ်းမမိပဲ မြန်မာလုပ်သားတွေချည်း ဖမ်းမိ တာမျိုးကိုလည်း ကျွန်တော်တို့ ကြားနေရပါတယ်။

မေး။ MOU အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းချိုးဖောက်ခံရတဲ့ အခြေအနေမျိုးတွေ ဘယ်လိုဆက်ကြား နေရလဲ။ ဟိုတလောက အလုပ်အကိုင်မရရှိတာတို့ လုပ်ခလစာမရရှိတာတို့ စတဲ့ အဲဒီပြဿနာပေါင်းစုံရှိနေ တာပေါ့နော် လက်ရှိမှာရော ဘယ်လိုမျိုးဆက်ကြားနေရလဲ။

ဖြေ။ အမှန်ကတော့ ဒါတွေက အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။ MOUဆိုတဲ့ နှစ်နိုင်ငံသဘောတူစာချုပ် လက်မှတ်ရေးထိုး ထားပြီးမှ တရားဝင်စာချုပ်ချုပ်ခေါ်ထားတဲ့ အလုပ်သမားတစ်ယောက်က သက်ဆိုင်ရာထိုင်း နိုင်ငံ အလုပ်နေရာကိုရောက်ပြီး ချက်ချင်းအလုပ်ရမယ့် အနေအထားမျိုး ဒီရောက်ခါမှ အလုပ်မရလို့ ထိုင်စောင့် တယ်ဆိုတာ မမှန်ကန်တဲ့တိကျတဲ့ မြန်မာအေးဂျင့်နဲ့ ထိုင်းအေးဂျင့်နဲ့ လုပ်သားတွေကို ပို့ဆောင်ဖို့ပဲ အဓိက ကြိုး စားပြီး ဒီရောက်တဲ့အခါကျမှ သူတို့ကို ဘာအလုပ်မှမပေးနိုင်တော့ပဲ ဒီအတိုင်းထိုင်စောင့်ပြီး အလုပ်တွေ ဘာ တွေ လိုက်ရှာပေးနေရတယ်ဆိုတာ တော်တော်ဆိုးဝါးတဲ့ အနေအထားခင်ဗျ။

အဲဒါမျိုးတွေ ကျွန်တော်တို့ကြားသိနေရပါတယ်။ အဓိကကတော့ တစ်လျှောက်လုံး ပြောနေခဲ့တာကတော့ ဒီထိုင်းနိုင်ငံကိုပဲဖြစ်ဖြစ်၊ အိမ်နီးနားခြင်းဖြစ်တဲ့ မလေးနိုင်ငံကိုပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ နိုင်ငံသားတွေက အ လုပ်အကိုင်အခွင့်အလမ်းအတွက် သွားရောက်တဲ့ အခါမှာ တရားဝင် MOU စနစ်နဲ့ သွားရင်းကနေ ခရီးသွားဖို့ လုံခြုံစိတ်ချရတယ်။ အခွင့်အရေးတွေကို အပြည့်အဝခံစားရမှာ ဖြစ် တယ်။ အဲဒီလိုမျိုး စနစ်မျိုးကိုသာ အဓိက ပြောပြီးမှသွားကြဖို့ ကျွန်တော်တို့ တချိန်လုံး ပြောလာခဲ့တာပါ။ အခုအခြေအနေမှာ မထင်မှတ်ပဲနဲ့ တရားဝင်စာချုပ်ချုပ်လာခဲ့တာမှန်ပေမယ့် ဒီရောက်ခါမှ အလုပ်မရရှိဘူးဆိုတာ ဖြစ်ပေါ်လာခဲ့တဲ့အတွက်ကြောင့် ကိုယ်ကိုယ် တိုင်သွားမယ့် ပို့ဆောင်ပေးမယ့် အေးဂျင်စီရဲ့ သမိုင်းရာဇဝင်ကို ပြန်လေ့လာပြီးမှသာလျှင် ကျွန်တော်တို့ လုပ်သားတွေကို စဉ်းစားဆုံးဖြတ်ချင့်ချိန်ဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။

မေး။ MWRN အနေနဲ့ လက်ရှိမှာရော အလုပ်သမားတွေအပေါ် ဘယ်လိုအသိပညာပေးမှုတွေ လုပ်တာမျိုးတွေရှိလဲ ပြောပြပေးပါဦး။

ဖြေ။ ကျွန်တော်တို့အဖွဲ့ စတင်ထူထောင်စဉ်တည်းက စက်ရုံ၊ အလုပ်ရုံထဲက အလုပ်သမားတွေအားလုံး ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီးမှ လာ ရောက်ခြင်းတွေက အန္တရာယ်ရှိတဲ့အ ကြောင်း ဒါတွေကို အသိပညာပေးတယ်။ အလုပ်သမားအခွင့်အရေး တွေကို ကျွန်တော်တို့ အလုပ်သမား၊ အလုပ်ရှင် ကြားမှာ နယ်မြေထဲမှာ ထဲထဲဝင်ဝင်သွားရောက်ပြီး အသိပညာ ပေးပွဲတွေ လုပ်တယ်။ နောက်သူတို့ ကိုယ်တိုင်အခက်အခဲတွေ ကြုံတွေ့ လာတဲ့အခါကျရင် ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့အခါ ကျွန်တော်တို့ ကိုယ်တိုင် သက်ဆိုင်ရာထိုင်းအစိုးရနဲ့ တွေ့ဆုံပေးပြီးမှ အခွင့်အရေးတွေ အပြည့်အဝရရဖို့ ဆောင်ရွက်တယ်။ အလုပ်သမားတွေဖြစ်ခဲ့တဲ့ ဥပဒေပြင်ပကိစ္စတွေ အားလုံးကို တတ်နိုင်သ လောက် ထဲထဲဝင်ဝင်ကူညီပေးနေပါတယ်ခင်ဗျ။

မေး။ နောက်ဆုံးအနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောလိုတာရှိမလဲ။ ပြောပြပေးပါဦး။

ဖြေ။ ကျွန်တော်အနေနဲ့ နောက်ဆုံး မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို လာဖို့ စဉ်းစားနေတဲ့ လုပ်သားတွေကိုတော့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာမျိုးတော့ မပြုလုပ်စေချင်ဘူး။ ဘာကြောင့်လဲဆို ကုန်ကျစရိတ်တွေလည်း မြောက်မြားစွာ ရှိတယ်။ နှစ်သောင်းခွဲ ၊ သုံးသောင်းဆိုတဲ့ ထိုင်းဘတ်ငွေက မြန်မာငွေနဲ့ဆို အင်မတန်များတဲ့အတွက်ကြောင့် ကိုယ့်ဘဝအတွက်လည်း လုံခြုံစိတ်ချမှု မရှိဘူး။ ပြီးရင် ထိုင်းနိုင်ငံမှာလည်း ရောက်လာခဲ့ပြီးရင် အဲဒီလိုတရားဝင် ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့် လက် မှတ်တွေဆိုတာလည်း အခုချိန် မလုပ်ပေးတဲ့အတွက်ကြောင့် ဝင်လာပြီးရင်လည်း ကိုယ့်မှာ ဘာစာရွက်စာတမ်း အထောက် အထားမှ မရှိတော့ ကျီး လန့်စာစားဘဝနဲ့ နေထိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် အန္တရာယ်အင်မတန်များတယ်။ အဲဒီတော့ လုံခြုံစိတ်ချရတဲ့ ခရီးသွားလာတာမျိုး ဖြစ်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ခိုင်ခိုင်မာမာယုံကြည်ထိုက်တဲ့ တရားဝင်အေဂျင်စီများနဲ့ ဆက် သွယ်ပြီးမှသာလျှင် အလုပ်အကိုင် လာရောက်ရှာဖွေတာမျိုးကိုပဲ ကျွန်တော်တို့ အားပေးချင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here