“ရွေးကောက်ပွဲအမှီပြုတဲ့ နိုင်ငံရေးပါတီတစ်ခုတည်းကသာလျှင် နိုင်ငံအရေးကို ဆောင်ရွက်နိုင်တာ မဟုတ်ဘူး။ ရွေးကောက်ပွဲမဝင်တဲ့ အစုအဖွဲ့တစ်ခုအနေနဲ့လည်း နိုင်ငံရဲ့ အရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်တဲ့ အပိုင်းတွေအများကြီး ကျန်ပါတယ်” စိုင်းလိတ် (အထွေထွေအတွင်းရေးမှူး၊ SNLD)

0
408

SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်နှင့် အမေးအဖြေ

၂၃ မတ် ၂၀၂၃

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မှတ်ပုံမတင်ဖို့ကိစ္စကို ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေတို့မှာ ကျင်းပခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်း အဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် SNLD ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်း၊ ဆက်လက်ဆောင်ရွက်သွားမယ့် နိုင်ငံရေး လှုပ်ရှားမှု၊ ပါတီဖျက်သိမ်းခံရမယ့်အပေါ် SNLD ပါတီရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ အရင်ဆုံးအနေနဲ့ SNLD ပါတီအနေနဲ့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ မှတ်ပုံမတင်ဖြစ်တာကတော့ အခြေခံအကြောင်းရင်းနှစ်ချက် ရှိပါတယ်ခင်ဗျ။ ပထမဆုံးတစ်ချက်က ကျွန်တော် တို့ပါတီဝင်တစ်ဦးရဲ့ သဘောထားကို ရယူနိုင်ခြင်းမရှိဘူး။ ပါတီဝင်တွေက ပြည်နယ်အနှံ့မှာ နေထိုင်တယ်။ ရှမ်း ပြည်နယ်ဒေသအနှံ့ နောက်တစ်ခါ ကချင်ပြည်နယ်၊ ကယားပြည်နယ်မှာလည်း ရှိတယ်။ သူတို့ဆီကို သွားပြီး တော့မှ သဘောထားရယူဖို့ဆိုတာက လုံခြုံရေးအရ အကန့်အသတ်ရှိတယ်။ နောက်အချိန်လည်း နည်းတယ် ပေါ့နော်။ အချိန်နှစ်လပဲရတော့ ကျွန်တော်တို့အတွက် သူတို့နဲ့သွားပြီးတွေ့ဆုံပြီး သဘောထားရယူဖို့ ခြုံငုံသုံး သပ်ဖို့ဆိုတာ အပြည့်အစုံမလုပ်နိုင်ဘူး။ ဒါပထမတစ်ချက်ပါ။ နောက်တစ်ချက်ကတော့ ရွေးကောက်ပွဲ ဘယ် တော့ လုပ်မယ်ဆိုတာ သက်ဆိုင်ရာက အတိအကျကြေငြာထားခြင်း မရှိသေးတာကလည်း ကျွန်တော်တို့အ တွက် ဆုံးဖြတ်ရခက်ခဲစေတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ ဒီအကြောင်းနှစ်ချက်ကြောင့် ကျွန်တော်တို့ ဆက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ပါတယ်။

မေး။ မှတ်ပုံမတင်တဲ့အတွက် ပါတီဖျက်သိမ်းခံရနိုင်တဲ့ အခြေအနေနဲ့ ပါတီဝင်တွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆထားပါသလဲ။

ဖြေ။ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီး မှတ်ပုံမတင်ရုံနဲ့တော့ ကျွန်တော်တို့ ပြစ်မှုကျူးလွန်တာ မဟုတ်ဘူးလေ။ ပါတီတစ်ရပ်က တည်ထောင်ထားပြီးသား ဖြစ်တယ်။ သူဆက်လက်ပြီး ပါတီအဖြစ် ဆက်လက် မရပ်တည်နိုင် တော့ဘူး မရပ်တည်ချင်တော့ဘူးလို့ မှတ်ပုံမတင်ရုံနဲ့ ဒါပြစ်မှုကျူးလွန်တာ မဟုတ်ဘူး။ နိုင်ငံတော် ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကို ကြီးကြီးမားမားထိခိုက်စရာမရှိဘူး။ အပြစ်တစ်စုံတစ်ရာ အရေးယူစရာ မရှိဘူးလို့ပဲ ယူဆတယ်။အခြားတဖက်မှာ ဒီကိစ္စက ကျွန်တော်တို့ စဉ်းစားရမယ့်အပိုင်း မဟုတ်ဘူးပေါ့နော်။ UEC ရဲ့ ဆုံးဖြတ်ချက်၊ UECရဲ့ သမာသမတ်ရှိမှုပေါ်မှာပဲ မူတည်ပါတယ်ခင်ဗျ။

မေး။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ဘူးဆိုတော့ နောက်ပိုင်းမှာ ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ရှိနေလဲ။

ဖြေ။ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်ပြီဆိုကတည်းက ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ရမယ်။ လွှတ်တော်နိုင်ငံရေးထဲမှာ ဝင် ပါပြီးတော့ လူထုအတွက် အကျိုးရှိရာရှိကြောင်း ဥပဒေတွေကို ပြဌာန်းရမယ်။ အုပ်ချုပ်ရေးပိုင်း တွေမှာ ပါဝင်ကူညီရမယ်ဆို တာတော့ ဒါယေဘုယျအားလုံး နားလည်လက်သင့်ခံထားတဲ့ အခြေအနေပေါ့နော်။ သို့သော် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအ နေအရ နိုင်ငံရေးပါတီ တစ်နည်းအားဖြင့် ရွေးကောက်ပွဲနိုင်ငံရေး ပါတီ ရွေးကောက်ပွဲအမှီပြုတဲ့ နိုင်ငံရေးပါတီတစ်ခုတည်း ကသာ လျှင် နိုင်ငံအရေးကို ဆောင်ရွက်နိုင်တာ မဟုတ် ဘူး။ ရွေးကောက်ပွဲ မဝင်တဲ့ အစုအဖွဲ့တစ်ခုအနေနဲ့လည်း နိုင်ငံရဲ့ အရေးကိစ္စ တွေမှာ ထဲထဲဝင်ဝင်လုပ်ဆောင် နိုင်တဲ့ အပိုင်းတွေအများကြီး ကျန်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းကိစ္စတွေပဲ ဖြစ်ဖြစ် ပြည်သူလူ ထုရဲ့ အခက်အခဲတွေကို တိုက်ရိုက်အကူအညီပေးတဲ့ ကိစ္စမျိုးတွေမှာ ဝင်ရောက်ပါဝင်တာပဲဖြစ်ဖြစ် ကျွန်တော် တို့နိုင်ငံမှာ လိုအပ်နေတဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းအတွက် သုတေသနပြုတဲ့လုပ်ငန်း တွေမှာပဲ ဖြစ်ဖြစ် ကျယ်ကျယ်ပြန့် ပြန့် လုပ်နိင်ပါသေးတယ်။ အဲဒီကိစ္စတွေကို လုပ်နိုင်လိမ့်မယ်။ လုပ်ဖို့လို အပ်တယ်။ လုပ်ကြဦးမယ်လို့ ကျွန်တော်ဘက်က စဉ်းစား ထားပါတယ်ခင်ဗျ။

မေး။ အခုဆိုရင် စစ်ကောင်စီကော်မရှင်ထံ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၃၀ နီးပါးအထိ ရှိလာပြီးပေါ့လေ၊ ဒီပါတီတွေကတော့ လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်လို့ ရှုမြင်ကြပါတယ်၊ SNLD အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဒါကတော့ တခြားတဖက်ရဲ့ ထင်မြင်ယူဆချက်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဝေဖန်သုံးသပ်လိုခြင်းမရှိပါဘူး။ ကျွန်တော်တို့ဘက်က ယုံကြည်ချက်ကတော့ အဲဒါနဲ့ နည်းနည်းကွဲပြားတာပေါ့ဗျာ။ ၁၉၉၀ ကနေစလိုက်တဲ့ ရွေးကောက်ပွဲ နိုင်ငံရေးဟာ မနေ့တစ်နေ့ မနှစ်တစ်နှစ်က ပြီးဆုံးသွားတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီရဲ့ ပြီးဆုံးသွားတဲ့ကိစ္စကို ပြန်ပြီး အစဖော်တဲ့နေရာမှာလည်းပဲ အစိုးရအပြောင်းအလဲ ၊ အုပ်ချုပ်သူအ ပြောင်းအလဲလောက်ကိုပဲ ပြန်ပြီးတော့မှ ဦးတည်တယ်။ စနစ်အ ပြောင်းအလဲ ခေတ်အပြောင်းအလဲကို မေ့ထား ကြတယ်။ တကယ်တမ်းတိုင်းပြည်ရဲ့ လိုအပ်ချက်က အစိုးရအပြောင်းအလဲ ဆိုတာထက်ကို ခေတ်စနစ်ရဲ့ အပြောင်းအလဲဘက်ကို ပိုပြီးတော့ ဦးစားပေးရလိမ့်မယ်။ အဲဒီဘက်ကို မရောက်သေးသ၍ကတော့ ကျွန်တော်တို့ လုံးချာလည်လိုက်ပြီးတော့မှ ပြည်တွင်းစစ်တွေလည်း မငြိမ်းနိုင်၊ မချမ်းနိုင်နဲ့ မပြီးနိုင်မစီးနိုင်နဲ့ ဒီလိုလုံးလည် လိုက်နေမှာကို ကျွန်တော်တို့က စိုးရိမ်ပါတယ်ခင်ဗျ။ ဒါက ကျွန်တော်တို့ရဲ့ဘက်ကအခြမ်းရဲ့ စိုးရိမ်ချက်ပါ။

မေး။ နောက်ဆုံးအနေနဲ့ SNLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို ဘာသတင်းစကားပါးချင်တာ ရှိမလဲ။

ဖြေ။ SNLD ပါတီက စတင်တည်ထောင်တည်းက စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့ လမ်းကြောင်းပေါ်မှာပဲ တစိုက်မတ်မတ်ရပ်တည် လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် SNLD ကအမြဲတမ်းရှိနေမှာပါ။ ရွေးကောက်ပွဲနိုင်ငံရေးအသွင်မျိုးနဲ့ မဟုတ်ပဲနဲ့ အခြားနိုင်ငံရေးမျက်နှာစာတဖက်ဖက်ကနေ လူထုအတွက် အမြဲရပ်တည်နေမှာပါဆိုတာကို ကျွန်တော်တို့ တင်ပြလိုပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here