လောင်းလုံးမှာ နေအိမ် ၂၀ ထက်မနည်း မီးရှို့ကာ အမျိုးသမီး ၂ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွား

0
215

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာနဲ့ ဘဲအင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံ နေအိမ်တဲ အလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီးနောက် အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ် ၁၉ ရက်နေ့က ဘဲအင်ကျေးရွာထဲ ရောက်ရှိပြီးနောက် အသက် ၂၀ အအရွယ် မအေးသူအောင်နဲ့ အသက် ၄၀ အရွယ် ဒေါ်အေးကြည်တို့ကို ဖမ်းဆီးသွားတာပါ။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဘဲအင်းကျေးရွာကနေ ပြန်လည်ထွက်ခွာစဉ် ထန်းရည်တဲတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီ စစ်ကြောင်းဟာ သပြေရှောင်ကျေးရွာအတွင်း ထပ်မံဝင်ရောက်လာပြီးနောက် တံငါလုပ်သူတွေနဲ့ လယ်လုပ်သူတွေရဲ့ နေအိမ်တဲအလုံး ၂၀ နီးပါးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လောင်းလုံးမြို့နယ်မှာ ကျေးရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ တောကျဲ၊ သကျက်တောကျေးရွာတွေဘက်ကို စစ်ကြောင်းဆက်ထိုးနေပြီး ကျေးရွာတွေအတွင်း ဝင်ရောက်စဉ် သေနတ်ပစ်ဖောက်တာနဲ့ မသင်္ကာတဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောကျဲ၊ သကျက်တောကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေကို ထပ်မံဖမ်းဆီးသွားတယ်လို့ သတင်းတွေထွက်နေပြီး ဘယ်နှစ်ဦး ထပ်မံဖမ်းဆီးခံရတယ်ဆိုတာကိုတော့ သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။

ဒေသခံနေတဲတွေကို မီးရှို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း ကဒက်ကြီးကျေးရွာက ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခံပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် လောင်းလုံးမြို့နယ် ကဒက်ကြီး၊ ကဒက်ငယ်၊ ရေဖြူ၊ ဘဲအင်း၊ သပြေရှောင်၊ သကျက်တောကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here