20 ဧပြီ 2024 /

See today's Peace Related News

စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့အတူ လေကြောင်းက ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပေါက်မြို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

မကွေးတိုင်း၊ပေါက်မြို့ကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့အတူ လေကြောင်းက MI-35 Jet Fighter သုံးပြီး ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံငါးထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၅) ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ် သနပ်ပင်ဆင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ပြည်သူတွေ ထွက်ပြေးနေရတာပါ။

“ မနေ့က ညပိုင်းကတည်းက သနပ်ပင်စင်းကျေးရွာကို ဝင်ပြီးတော့မွှေတာ။ မနက်ကလေယာဉ် နဲ့ပစ်တာတော့ကျွန်တော်တို့အထိခိုက်မှုမရှိဘူး။ ဒီဘက်လည်း သူတို့နဲ့အပြန်အလှန်ပစ်တာတွေ ရှိတယ်။ သနပ်ပင်စင်း အဝင်မှာလည်း တိုက်မိုင်းထိတာတွေရှိတယ်” လို့ ဒေသခံ ပ.က.ဖ တစ်ဦး ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မိုင်းထိပြီး ထိခိုက်သေဆုံးများတဲ့အတွက် သူတို့ကို အင်အားတိုး ဖြိုခွင်းမယ်အထင်နဲ့ လေကြောင်းကနေ လာရောက်ပစ်ခတ်နေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အင်အား (၁၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် သနပ်ပင်စင်း၊ ခပျို၊မုန်တော၊ အင်ယာ၊ ဆူလေကုန်း၊ အင်ပင်၊ လယ်ဘဲ့နဲ့ စဘဲ့ ကျေးရွာတွေက ပြည်သူ (၅၀၀၀) ကျော် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

“ ဒီဘက်မှာက နယ်မြေတွေက တော်တော်ကြမ်းတမ်းနေပြီဗျ၊ ငွေဝင်ပေါက်ဆိုတာလည်း အလုပ်က မလုပ်ရတာကြာပြီ။ အလုပ်မရှိတဲ့အတွက်ကြောင့် ဟိုရွာထွက်သွားရင် ဟိုရွာကအလှူခံကျွေးလိုက်၊ ဒီရွာထွက်သွားရင် ဒီရွာကအလှူခံကျေးလိုက်နဲ့ ပြီးတော့ ရွာစဉ်လိုက်စစ်ကြောင်းထိုးနေတာဆိုတော့ ရွာထဲမှာမနေဘဲ တောထဲမှာနေရတော့ စားရေးသောက်ရေးအတွက် တော်တော်အခက်ခဲဖြစ်တာပေါ့။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိအချိန်ဟာ နွေရာသီဖြစ်တဲ့အတွက် စစ်ရှောင်တွေ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရသလို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံ လူ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင် အရေးကူညီနေသူတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ MI-35 Jet Fighter လာချိန်မှာလည်း သနပ်ပင်စင်းကျေးရွာက နေအိမ်သုံးလုံးကို သူတို့ရှိကြောင်းပြသဖို့ မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

အခုချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ သနပ်ပင်စင်းကျေးရွာကနေ ပျူစောထီးကျေးရွာဖြစ်တဲ့ ကုက္ကိုလ်စု ကို ပြန်လည်ဆုတ်ခွာသွားပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် (၅၀၀) ကျော် ပြုလုပ်ထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

More News