ကံပေါက်မှာ ဆိုင်ကယ်စီးလာတဲ့သားအဖကို ပျူစောထီးတွေ သေနတ်နဲ့ ပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာရ

0
254

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ မင်းသားကျေးရွာမှာ ဆိုင်ကယ်စီးလာတဲ့ သားအဖကို ပျူစောထီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သားဖြစ်သူ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၉) ရက်မနက်ပိုင်းက မိုင် (၆၀) ကျေးရွာကနေ ဦးမင်းလတ်နဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာ မင်းသားကျေးရွာဘက်ကို ဆိုင်ကယ်နဲ့လာနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာပါ။

“ သူတို့က ဆင်ကူးရွာသားတွေ မိုင် ၆၀ မှာ ဥယျာဉ်ခြံမှာ လုပ်တာ။ သူတို့က တနင်္ဂနွေနေ့တိုင်း မင်းသားကျေးရွာက ဘုရားကျောင်းသွားနေကြ။ အဲဒါကို ပျူ အဖွဲ့က ဆိုင်ကယ်တားတာကို မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာလို့ သိရတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်ခံရမှုမှာ ဆိုင်ကယ်မောင်းနှင်တဲ့ ဖခင်ဖြစ်သူက ကျည်ထိမှန်တာမရှိဘဲ နောက်ကစီးလာတဲ့ သားဖြစ်သူမှာ လည်ပင်းနဲ့ ဦးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အတွက် ထားဝယ် ဆေးရုံကို တင်ပို့ထားရတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၅) ရက်နေ့က ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးအပါအဝင် (၃) ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အဲဒီပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ (၁၂) ဦးကို ဖမ်းဆီးထားပြီး မောရဝတီရေတပ်စခန်းမှာ စစ်ဆေးတာတွေလုပ်ဆောင်နေကာ ဒီနေ့အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းသူတွေကို ဖမ်းဆီးမယ်လို့ လိုက်လံအသိပေးလာတာကြောင့် ဒေသခံတွေ သွားရေးလာရေးအခက်အခဲဖြစ်နေကြတာပါ။

လက်ရှိအချိန်မှာတော့ ကံပေါက်ဒေသခံတွေဟာ စစ်ကောင်စီ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံထားရတာကြောင့် ခြေလျင်၊ စက်ဘီး၊ ဘေးတွဲ၊ ထော်လာဂျီတွေကို အသုံးပြုသွားလာနေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here