‘၀’ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ

0
2438

‘၀’ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ – UWSP/UWSA

uwsa


စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၇ ဧပြီ ၁၉၈၉

ရုံးချုပ် – ပန်ခမ်း (ပန်ဆန်း)

လှုပ်ရှားရာ နယ်မြေ – ပန်ဆန်း၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆက်၊ တာချီလိတ်၊ မိုင်းပန်၊ မိုင်းယောင်း

အင်အား – ၃၀ဝ၀ဝ အထက်

ဥက္ကဋ္ဌ – ပေါက်ယူချန်း

ဒု-ဥက္ကဋ္ဌ – ပေါက်ယူယီ

အထွေထွေအတွင်းရေးမှူး –

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲပြီးနောက်ပိုင်း တည်ထောင်လာသည့် UWSP/UWSA သည် ၁၉၈၉ ခုနှစ် မေလ ၁၈ ရက်တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး တရုတ်အစိုးရနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသဖြင့် တရုတ်ဘာသာစကားကိုပင် ပါတီသုံးစကားအဖြစ် ကျင့်သုံးနေပါသည်။ တပ်မတော်မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုကို ငြင်းဆန်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အပြင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြု ဖြစ်ပေါ်လာသည့် မြို့နယ် ခြောက်ခုပါဝင်သော ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း မြို့နယ် လေးခုသည် UWSP/ UWSA ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း NCA ကိုမူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပါ။ သို့သော် ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်ခင် ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦး‌ဆောင်သည့် အစိုးရလက်ထက်၊ ပထမဆုံးအကြိမ် ကျင်းပသည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံသို့ FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်အတူ တက်ရောက်လေ့လာခဲ့သော်လည်း ၎င်းဦးဆောင်သော FPNCC အနေဖြင့် NCA မဟုတ်သော အခြားလမ်းကြောင်းတစ်ခုကိုသာ စိတ်အားထက်သန်နေခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့ပါသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တရုတ်အစိုးရအနေဖြင့် ပိုမိုပါဝင်ဆောင်ရွက်ပေးရန် FPNCC မှ တရားဝင် တောင်းဆိုထားသည်ကို တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲရလဒ် ထွက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက် NLD ပါတီ၏ အနိုင်ရရှိခြင်းကို ဝမ်းမြောက်ဂုဏ်ပြုကြောင်းနှင့် NLD ပါတီအနေဖြင့် တစ်နိုင်ငံလုံး၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှု ခရီးစဉ်တွင် အောင် မြင်မှုများရရှိစေရန် ဆုတောင်းမေတ္တာပို့သည့် UWSA ခေါင်းဆောင် ဦးပေါက်ယူချမ်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့ပါသည်။ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့ပါသည်။

‘ဝ’ လူမှုအရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ‘ဝ’ ပြည်သူများက UWSA ကို လူထုနှင့်အတူ ရပ်တည်ကြောင်း၊ စစ်တပ်၏ အာဏာသိမ်းမှုလုပ်ရပ်ကို လက်မခံကြောင်း ပြသပေးရန် မတ် ၃၀ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသော်လည်း UWSA ခေါင်းဆောင်များက ယနေ့ထိ အကြောင်းပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်သည်။

UWSA နှင့် RCSS/SSA တို့အကြား ၂၀၂၂ ဧပြီလ ၅ ရက်က ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် မုန်းတော့ မုန်းထဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ကို တွေ့ရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
ပထမဆုံး NCA လက်မှတ်ရေးထိုးသည့် EAO
အဆင့် (၁) နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် (စက်တင်ဘာလ ၆ ရက်၊ ၂၀၁၁)
အဆင့် (၂) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် (ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၁၁)

ယခင်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှု
မေလ ၁၈ ရက်၊ ၁၉၈၉

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး တိုက်ပွဲဖြစ်ပွားမှု
မရှိ
၂၀၁၆ ခုနှစ် UWSA က NDAA တပ်စခန်းတစ်ခုကိုသိမ်းပိုက် ပြီးနောက် တပ်မတော်နှင့်တင်းမာမှု တစ်ကြိမ်ဖြစ်ပေါ်။
တရားဝင်ကိုယ်စားလှယ်အဖွဲ့ – မသိရ

ဆက်ဆံရေးရုံးများ
(၁) လားရှိုး။ (၂) တန်ယန်း။ (၃) ကျိုင်းတုံ။ (၄) တာချီလိတ်။ (၅) တောင်ကြီး။ (၆) မန္တလေး။ (၇) ရန်ကုန်

ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ – ပေါက်ယူချန်း၊
ဒု-ဥက္ကဋ္ဌ – ပေါက်ယူယီ၊
ဒု-ဥက္ကဋ္ဌ – ရှောက်မီလျံ၊
စစ်ဦးစီးချုပ် – ပေါက်ယူချမ်း
ဒု-စစ်ဦးစီးချုပ် – ကျောက်ကျုံးတန်း၊
ပြောခွင့်ရပုဂ္ဂိုလ် – ဦးအောင်မြင့် @ Le Kyu Lee၊
ဆက်ဆံရေးအရာရှိ – ကျောက်ကော်အန်း၊
ဒု- ဆက်ဆံရေးအရာရှိ – ဆမ်ခွန်၊
တရားသူကြီးချုပ် – လီကျောက်ကော်၊
ဘဏ္ဍာရေးနှင့် စီးပွားရေးအရာရှိ – ပေါက်ယူလျံ

နိုင်ငံရေးအဖွဲ့
‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)
အစိုးရဌာနများ၏ နယ်မြေညွှန်းဆိုမှု – ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၂)
လက်နက်ကိုင်တပ်ဖွဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)

မဟာမိတ်အဖွဲ့များ
FPNCC

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here