KNU တပ်မဟာ (၅) နယ်မြေ နှစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး

0
58
Photo - KIC

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

တပ်မဟာ (၅) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲပေါင်း (၄၇) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိုသို့ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်က စစ်ကောင်စီတပ်သုံးယာဥ်တစ်စီးနှင့် ၎င်းတို့နေထိုင်ရာ စစ်တန်းလျား အဆောက်အဦးတစ်ခုကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှုကို တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိတာကြောင့် ထိုအခြေအနေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီက တိုက်ပွဲအတွင်း လေကြောင်းကို အားထားအသုံးပြုခဲ့ပြီး ဗုံးအလုံးရေ ၅၁ လုံးတိတိကို ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများသို့လည်း လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၃ ဦး သေဆုံး၍ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၅) ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလပိုင်းအတွင်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်း၊ တပ်ခွဲမှူးအချို့ အပါအဝင် တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးခဲ့ပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ (၅) ဘက်က ဆိုထားသည်။

စစ်ကောင်စီက အာဏာသိမ်းယူထားပြီးနောက်ပိုင်း တပ်မဟာ (၅) နယ်မြေတွင် KNLA ပူးပေါင်းတပ်မှ မိမိတို့နယ်မြေအတွင်း စစ်ကောင်စီတပ် ခြေကုပ်ယူထားသော စခန်းများကို ပြန်လည်ရရှိနိုင်ရေး တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိလည်း ဆက်လက်ဖြစ်နေဆဲဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များ ပြောသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here