ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၃)၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ မူသယ်စခန်းကို ကရင်အမျိုးသားများကာကွယ်ရေးတပ် – KNDO ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်စဥ် လက်နက်ခဲယမ်းအများအပြားရရှိခဲ့ပြီး သေဆုံးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၈ လောင်းထက်မနည်းကို တွေ့ရှိခဲ့ကြောင်း တပ်မဟာ (၃) KNU ထံမှ သိရသည်။
စစ်ကောင်စီတပ်ထောက်ပို့လမ်းကြောင်းအဖြစ် အရေးပါသော ကျောက်ကြီး – မူသယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ မူသယ်စခန်းကို KNDO ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့တွင် စခန်းသိမ်းရရှိပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ရှင်းလင်းရေးလုပ်ဆောင်စဥ် စစ်ကောင်စီထံမှ MA 3 အမျိုးအစားအပါအဝင် လက်နက်ခဲယမ်း ၂၆ မျိုးခန့် သိမ်းဆည်းရခဲ့ပြီး စခန်းအတွင်းသေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၊ စခန်းဝန်းကျင်လမ်းတနေရာတွင် သေဆုံးနေသည့် တပ်ဖွဲ့ဝင် ၄ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်ဟု KNU တပ်မဟာ (၃) ကျောက်ကြီး မြို့နယ်၏ပြောခွင့်ရ ပဒိုစောဝါးမူက ဆိုသည်။
ပဒိုစောဝါးမူက “အဲဒီစခန်းက အရေးပါတယ်။ ထောက်ပို့ ပို့ဖို့ဆို အဲဒီလမ်းကြောင်းကနေပဲ သွားရတာ။ ကျောက်ကြီးကနေ တပ်မဟာ (၅) အထိ ရောက်တာပေါ့။ စခန်းကျသွားတော့ စစ်ကောင်စီဘက်က ဘယ်လောက် သေလဲ အတိအကျစာရင်းတော့ မရသေးဘူးပေါ့လေ။ ဒါပေမဲ့ စခန်းထဲမှာတော့ အလောင်း ၄ လောင်း တွေ့တယ်။ နယ်မြေရှင်းလင်းရေးလိုက်လုပ်တော့ လမ်းမှာ နောက်ထပ် ၄ လောင်း ၅ လောင်းတွေ့တယ်” ဟု ပြောသည်။
မူသယ်စခန်းမှ ဆုတ်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်မှာ ကျောက်ကြီးမြို့နယ်ရှိ ၎င်းတို့အခြားစခန်းသို့ ပြောင်းရွှေ့နေရာယူထားသလို မူသယ်စခန်းသို့ စစ်ကူလာသော စစ်ကြောင်းမှာလည်း စောမီးလူကျေးရွာတွင် ရောက်ရှိနေရာယူထားသည်ဟု တပ်မဟာ (၃) KNU ဘက်က ပြောသည်။
စခန်းသိမ်းဆည်းရမိပြီးနောက်တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုများ ယခင်ကထက် သိသိသာသာပိုလုပ်လာ၍ စခန်းဝန်းကျင်မှ ကျေးရွာဒေသခံများ နေရပ်ရှောင်ပုန်းနေရသလို ပညာရေးတွင်လည်း ထိခိုက်ရကြောင်း KNU နှင့် ကျောက်ကြီးမြို့နယ်နေဒေသခံများက ပြောဆိုသည်။
“စခန်းကုန်းရှင်းကို စတိုက်တဲ့ ဒီဇင်ဘာ ၃၁ ကနေ ခုချိန်ထိ စစ်ကောင်စီဘက်က လေယာဥ်နဲ့ရော လက်နက်ကြီး နဲ့ရော ပစ်တယ်။ ခုချိန်ထိ ပြည်သူတွေ ရွာထဲမနေရဲဘူး။ တောတောင်ထဲသွားရှောင်နေရသလို ကျောင်းသားတွေ လည်း စာသင်တာ တောထဲသွားသင်နေရတယ်။ အဲဒါကြောင့် စားနပ်ရိက္ခာရော နေထိုင်ရေးရော ကျန်းမာရေးရော ပြဿနာ ရှိတာပေါ့” ဟု ပဒိုစောဝါးမူက ပြောသည်။
စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် နောက်ပိုင်းကတည်းက ပဋိပက္ခပိုမိုပြင်းထန်လာသော ညောင်လေးပင်ခရိုင်သည် စစ်တပ်လက်နက်ကြီးဒဏ် အများဆုံးတွေ့ကြုံခံစားရ၍ စစ်ဘေးရှောင် အများဆုံးရှိသည့် ခရိုင်တစ်ခုလည်း ဖြစ်သည်။
အထူးသဖြင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရကြောင်း KNU – ဗဟို ထုတ်ပြန်ချက်များအရ သိရသည်။
စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက စစ်ကောင်စီက လမ်းချဲ့ထွင်ဖောက်လုပ်မှုကြောင့် ပဋိပက္ခများရှိခဲ့ပြီး စစ်တပ်ရိက္ခာနှင့် အင်အားပို့ဆောင်ရန် အသုံးမပြုနိုင်ရေးအတွက် KNLA ဘက်က တားမြစ်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် ကျောက်ကြီး – မူသယ် ကားလမ်းပေါ်တွင် မူသယ်စခန်းကျပြီး နောက်ထပ်ရှင်းလင်းရန် စစ်တပ်စခန်း ၃ ခု ကျန်နေသေးကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
KIC ပေးပို့သည်။