KIA က တစ်ပတ်အတွင်း စစ်ကိုင်း – ကချင်အစပ်က SNA တပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်

0
71

စစ်ကိုင်းတိုင်း – ကချင်ပြည်အစပ် ဟုမ္မလင်းမြို့နယ်ရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်း ၃ ခုကို KIA၊ KPDF ပူးပေါင်းတပ်တို့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တို့ ပြောဆိုမှုအရ သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသော ရွှေတွင်းတပ်စခန်းနှင့် ရာလာတီးတပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တို့က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်ခဲ့ပြီး စိုင်းပန်ရွာစခန်းကုန်းကို နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်လိုက်နိုင်သည်ဟု သိရသည်။

KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေ စတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ ရာလာတီးစခန်းကို သိမ်းတယ်။ စိုင်းပန်တပ်စခန်းကို မနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာ သူတို့မရှိဘူး ပြေးကုန်ပြီ။ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ” ပြောသည်။

စစ်ကိုင်း- ကချင်နယ်စပ်ရှိ SNA တပ်စခန်းများကို KIA၊ KPDF ပူးပေါင်းတပ်က အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ်ဆိုသော တပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ၌ နောက်ထပ် တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

KIA၊ KPDF ပူးပေါင်းတပ်တို့ ထိုးစစ်တိုက်ခိုက်သည့် နေရာသည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားရှိ SNA တပ်စခန်းများဖြစ်ပြီး ထိုစခန်းများသည် KIA တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေတွင် ရှိနေသည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် KPDF တပ်သား ၂ ဦး ကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရသညိ။

KPDF တပ်ဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက် ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာပဲ တစ်ယောက်ကျထားတာ၊ မနေ့ကလည်း တစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာ များတယ်။ လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ် လာပစ်သွားတယ်” ဟု ပြောသည်။

KIA က သိမ်းပိုက်လိုက်သည် တပ်စခန်း ၅ ခု စလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် စစ်ကောင်စီတပ် လက်အောက် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းအထိုင်ချသော တပ်စခန်းများဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

ဟုမ္မလင်းမြို့နယ်နှင့် ဆယ်ဇင်းတလျှောက် ဥရုချောင်းအရှေ့ခြမ်းနှင့် မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ် စခန်းများကို KIA ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်နေသည်မှာ ယခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here