ရခိုင်ပြည်တွင် စစ်ကောင်စီ၏ အကြီးဆုံးတပ်ဌာနချုပ်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀၀ ခန့် အာရက္ခတပ်တော် (AA) ထံ လက်နက်ချ အညံ့ခံထားကြောင်း သိရသည်။
တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသူများရှိသလို အများစုမှာ စစ်မတိုက်လိုသဖြင့် လက်နက်ချမည်ဟု AA ထံ ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
သတင်းရင်းမြစ်တစ်ဦးက “အလင်းဝင်တဲ့အထဲမှာ တပ်မိသားစုတွေတော့ မပါသေးဘူး။ တိုက်ပွဲတလျှောက် နိုဝင်ဘာလ အစပိုင်းအထိကို စစ်ကောင်စီတပ်သား ခုနစ်ရာကျော်၊ ရှစ်ရာလောက် အလင်းဝင်ထားပြီ။ ထပ်ပြီး ဝင်လာတာတွေလည်း ရှိနေတယ်။ လောလောဆယ်ကတော့ အသေးစိတ်ကို မပြောနိုင်သေးဘူး” ဟု ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အခြားစစ်ကောင်စီ တပ်စခန်းများမှ တပ်မိသားစုဝင်များ အများအပြားကို မကွေးတိုင်းရှိ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိ AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားများထဲတွင် စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရသူများအပြင် ဗိုလ်မှူးအဆင့်ရှိသူများလည်း ပါဝင်ကြောင်း သိရသည်။
“အခု အမ်းမှာ အလင်းဝင်လာတဲ့ တပ်သားအများစုက စစ်မှုထမ်းဥပဒေနဲ့ ရှေ့တန်းကို ရောက်လာသူတွေ များတယ်။ အရာရှိတွေလည်းပါတယ်” ဟု သတင်းရင်းမြစ်နောက်တစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့်အဖွဲ့သည် အမ်းကနေ မကွေးသို့ Mi-17 ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည် ပြည်မဘက်တွင် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းပေးထားသည့် တပ်သားများအား အမ်းတိုက်ပွဲ ပြင်းထန်လာသည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ လေကြောင်းမှတဆင့် စစ်အင်အားတိုးချဲ့ ချထားလာသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီသည် တပ်သားအင်အား လျော့နည်းလာမှုကိုဖြည့်တင်းရန် ရသည့်နည်းလမ်းဖြင့် လူစုဆောင်းပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်နေခြင်းမှာ နည်းလမ်းမှန်မဟုတ်ကြောင်း သုံးသပ်သူများက ပြောဆိုသည်။
“ပြည်သူတွေကို အတင်းအဓမ္မ လူစုသင်တန်းပေးပြီး စစ်တိုက်ခိုင်းတယ်ပေါ့လေ။ တိုက်ခိုက်လိုစိတ်ရှိပြီး လာတိုက်ကြတဲ့လူတွေ မဟုတ်ဘူး။ နောက်ပြီး ရခိုင်စစ်မြေပြင်ဟာ တခြားဒေသတွေထက် ပိုပြီးထိုးစစ်ပြင်းလို့ ဒီဒဏ်ကို မခံနိုင်ကြတော့ လက်နက်ချအညံ့ခံတာ ဖြစ်လိမ့်မယ်။ ဒီလိုလုပ်တော့ နှစ်ဦးနှစ်ဖက် သက်သာအဆင်ပြေ တယ်ပေါ့လေ” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
အမ်းမြို့နယ်အတွင်း နပခဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ခွဲ (၁၈) ခု ရှိသည့်အထဲမှ စစ်ဘက်ရေးရာ လုံခြုံရေးတပ်အပါအဝင် တပ်စခန်း (၈) ခုကို AA က သိမ်းပိုက်ထားသည်။
နပခဌာနအပါအဝင် လက်ကျန်စခန်း ၁၀ ခုကို AA က ဆက်လက်တိုက်ခိုက်နေ၍ တိုက်ပွဲများ နေ့စဉ်ပြင်းထန်လျက်ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။