တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရန်အတွက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
အင်အား ၈၀ ဝန်းကျင်နဲ့ ထားဝယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာထဲ၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများကို အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဒရုန်းနှင့်ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၆၀ မမ ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို အတည်ပြုနိုင်ခဲ့ပြီး သေဆုံးမှုနှင့်ပတ်သက်ပြီး မသိရသေးဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ပြောသည်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရန်အတွက် သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာထဲက လမ်းကြိုလမ်းကြားများမှာပါ လုံခြုံရေးအင်အားအများအပြားနှင့် ကင်းပုန်းဝပ်လုပ်ဆောင်ခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ရန်တောင်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူမှုကို ရပ်နားပြီး အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းမှ ထားဝယ်တပ်စခန်းနှင့် သရက်ချောင်းအခြေစိုက်တပ်စခန်းကို ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တော်လှန်ရေးအင်အားစုများ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက သရက်ချောင်းမြို့နယ်တွက် သန်းခေါင်စာရင်းကောက်ယူရန်အတွက် လုပ်ဆောင်နေသော အုပ်ချုပ်ရေးမှူးနှင့် ဆရာမ ၉ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် ကျောင်းဆရာမတချို့ သန်းခေါင်စာရင်းကောက်ယူရန်အတွက် ငြင်းဆန်ကာ တိမ်းရှောင်မှုများ ရှိနေသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အောက်တိုဘာ ၁ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ ဆိုထားပေမယ့် လက်ရှိ၌ စာရင်းကောက်ယူမှု မပြီးစီးသေးသည့်အတွက် အောက်တိုဘာ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမည်ဟု ကြေညာထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။