လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

0
57
Photo – Social Media

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ် ခဲ့သည့် အရပ်သားပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ထားဝယ်မြို့ပေါ်တွင် လမ်းကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသည့်အတွက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဆိုသည်။

အဆိုပါ အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် မြို့ဟောင်းကျေးရွာထဲ ဝင်ရောက်လာစဉ် လမ်း၌တွေ့သည့် ဒေသခံအမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် မြို့ဟောင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးကြည်ဝင်းနှင့် အသက် ၃၀ ကျော်အရွယ် ကိုနောင်နောင်တို့၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဒေသခံများက ပြန်လည်တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ထိုဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်းရှိ လမ်းပိုင်း တစ်နေရာ၌ မြေမြှုပ်သွားခဲ့ရာမှ ရုပ်အလောင်းတို့ကို ပြန်လည်တွေ့ခဲရသည်ဟု ဆိုသည်။

လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ဒေသခံနေအိမ်တို့က တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွားခဲ့ပြီး ဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် လောင်းလုံးမြို့နယ်ရှိ ထိန်တွင်း၊ မြို့ဟောင်း၊ ပိန်းရှောင်၊ ဒေါင်းရှောင်ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here