မွန်ပြည်နယ်တွင် မွန်ဒေသခံများအစား စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်နေသည့် ရွေ့ပြောင်းလုပ်သားများအား ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့က ပြုလုပ်ပေးသည့် မှတ်ပုံအတုဖြင့် စစ်သင်တန်းတက်ရောက်ရန် စည်းရုံးအသုံးပြုခေါ်ယူနေသည်မှာ စစ်သင်တန်းအပတ်စဉ် ၇ အထိ ရှိလာပြီဟု သိရသည်။
ရွေ့ပြောင်းလုပ်သားများကို စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ရန် မွန်ပြည်နယ်သားဖြစ်ကြောင်း အထောက်အထားပြသရသောကြောင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ပညာအရည်အချင်း ထောက်ခံချက် စသည့် စာရွက်စာတမ်းတို့ကို အုပ်ချုပ်ရေးမှုးနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ အတုပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းရန်လုပ်ဆောင်ပေးနေသူက “အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေ ဘယ်နှစ်တန်းအောင်ထားတဲ့ထောက်ခံချက်တွေ လုပ်ပေးရတယ်။ အဲလိုလုပ်ရဖို့ဆိုရင် လဝကဆီက ထောက်ခံချက်ယူရတယ်။ ပြောရရင် အဆင်ပြေအောင် လုပ်ယူတာပဲ။ နယ်တိုင်းက ဒီလိုပဲလုပ်ကြတာ။ မုဒုံတို့၊ ချောင်းဆုံတို့ အကုန်လုံးပေါ့” ဟု ပြောသည်။
စစ်မှုထမ်းသင်တန်းသို့ အငှားလိုက်မည့်သူ နည်းလာသည်နှင့်အမျှ သင်တန်းသားဦးရေ ပြည့်မီရန်အတွက် ရသမျှနည်းလမ်းဖြင့် ခေါ်ယူစုဆောင်းရာတွင် ငွေကြေးဖြင့် အလွယ်တကူ စုဆောင်းခံနေရသည့် ရွေ့ပြောင်းလုပ်သားတို့ အများဆုံးပါဝင်နေသည်ဟု ၎င်းက ဆက်ပြောဆိုသည်။
လက်ရှိခေါ်ယူနေသည့် စစ်မှုထမ်းအပတ်စဉ် ၇ တွင်လည်း မွန်ပြည်နယ်ဒေသခံတို့အစား ရွေ့ပြောင်းလုပ်သားတို့ကိုသာ အစားထိုးခေါ်ဆောင်ထားပြီး ထိုက်သင့်သည့် ငွေကြေးပမာဏကိုလည်း ပေးဆောင်ထားသည်ဟု အဆိုပါ စစ်မှုထမ်းရန် ကူညီဆောင်ရွက်နေသူက ပြောဆိုသည်။
BACS ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ ၅ အထိ စုဆောင်းခံသူ ၁ ထောင်ကျော်ရှိပြီး အများစုသည် ရွေ့ပြောင်းလုပ်သားများ၊ ငွေကြေးမက်လုံး အမြောက်အများပေးဆောင်ထားသူများ၊ မူးယစ်ဆေးအပါအဝင် ပြစ်မှုတစုံတရာကြောင့် ဖမ်းဆီးလာသည့် လူငယ်များဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောဆိုသည်။
“စစ်အုပ်စုကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် စစ်မှူးထမ်းကိစ္စကို ဆောင်ရွက်နေတာရှိတယ်။ ဒါတွေ အားလုံးက ရာဇဝတ်မှုနဲ့ ပဋိပက္ခအလယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ရာဇဝတ်မှုတွေကိုပိုပြီး ကျူးလွန်လာနိုင်ဖွယ် ရှိတဲ့အခြေအနေရှိတယ်။ နောက်ပြီးထိုင်းမှာ အဖမ်းခံရပြီး ပြန်လည်ပို့ခံရတဲ့ လူငယ်အင်အားစုတွေကိုပါ နယ်စပ်ဒေသမှာ စောင့်ပြီးတော့ ဖမ်းဆီးနေတာရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက အပတ်စဉ်ခေါ်ယူနေသည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် ပဲခူးနှင့် မန္တလေးတိုင်းတို့တွင် မြို့ပေါ်အပြင် ကျေးရွာအတွင်းအထိ ဝင်ရောက်ကာ ညစဉ်ပေါ်တာဆွဲပြီး လူငယ်တို့ကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟုလည်း သိရသည်။
မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ မှ ၃ အထိ သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ဆောင်းထားပြီး သေဆုံးသူများလည်းရှိပြီး လက်ရှိတွင် စစ်ကောင်စီက အပတ်စဉ် ၇ အထိ စတင်အကောင်ထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။
IMNA ပေးပို့သည်။