ရခိုင်တွင် အိမ်ငှားရမ်းခဈေးမြင့်တက်တာကြောင့် စစ်ဘေးရှောင်များ အခက်အခဲကြုံနေရ

0
53
ပုံစာ - ၂၀၂၄ မေလက ရခိုင်မှစစ်ဘေးရှောင်တချို့ကိုတွေ့ရစဥ်။

ရခိုင်တွင် အိမ်ငှားရမ်းခဈေးမြင့်တက်တာကြောင့် စစ်ဘေးရှောင်များ အခက်တွေ့နေရသည်ဟု စစ်ဘေးရှောင်များနှင့် ဒေသခံများက ပြောဆိုကြသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများသည် ရခိုင်ရှိ လွတ်မြောက်နယ်မြေများနှင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့တွင် စစ်ဘေးတိမ်းရှောင်နေထိုင်လျက်ရှိကြသည်။

စစ်တွေမြို့ခံ စစ်ဘေးရှောင် အိမ်ရှင်မတစ်ဦးက “ရွာထဲတွေမှာ ငှားနေတဲ့သူတွေမှာဆို တစ်သိန်းကနေ တစ်သိန်းခွဲ၊ နှစ်သိန်း အဲလိုအစားစား ဈေးတက်လာတော့ တချို့ဆို အိမ်ငှားမပေးနိုင်ဘဲ တခြားနေရာကို ပြောင်းသွားတဲ့သူရှိတယ်။ ရွာပြင်တွေမှာ အိမ်ဆောက်ပြီးနေကြတယ်။ ပြီးတော့ ကယ်ဆယ်ရေးမရတော့ ပိုဆိုးတယ်” ဟု ပြောသည်။

အိမ်ငှားရမ်းခများ အဆမတန်ဈေးမြှင့်တက်သည့်အပြင် နေထိုင်သူဦးရေကိုလည်း ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်များအနေဖြင့် အခက်တွေ့နေရကြောင်း မြောက်ဦးမြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ယခုလိုပြောသည်။

“အိမ်ငှားခ ဈေးတက်တဲ့အပြင် လူအကန့်အသတ်နဲ့ငှားတယ်။ တခြားလူ လာနေလို့မရဘူး။ အိမ်ရှင်က မကြိုက်ဘူးပေါ့။ လုံးချင်းအိမ်ဆိုရင် လေးသိန်းလောက်ပေးရတယ်။ အခုအချိန်မှာ အိမ်ငှားခတွေကို ဈေးလျှော့စေချင်တာပေါ့။ ပြီးရင် စားရေးသောက်ရေးကလည်း ကုန်ဈေးနှုန်းတွေတက်တော့ အဆင်မပြေကြဘူးလေ” ဟု ပြောသည်။

ရခိုင်ရှိ လွတ်မြောက်နယ်မြေများ၌ ခိုလှုံနေထိုင်ကြသည့် စစ်ဘေးရှောင်များအနက် တချို့သည် ဆွေမျိုးအသိမိတ်ဆွေများ၏နေအိမ်တွင် နေထိုင်ကြသလို တချို့သည် အိမ်ငှားရမ်းနေထိုင်ကြရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် အိမ်ငှားရမ်းခ ဈေးမြင့်တက်လာပြီး ဝင်ငွေရလမ်းမရှိတာကြောင့် စစ်ဘေးရှောင်တချို့မှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်ကြရသလို တချို့သည်လည်း ရွာပြင်အနီးအနားတွင် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်ကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “အိမ်ငှားရမ်းခက တစ်လကို တစ်သိန်းခွဲနဲ့ တစ်မိုးရှိပြီ။ နောက်ထပ် ဘယ်လောက်ထိနေရမလဲ မသိနိုင်ဘူးလေ။ အဲဒီတော့ စာသင်ကျောင်းမှာ နေရာလေးတစ်နေရာတောင်းကြည့်တယ်။ လူပြည့်နေလို့ အဆင်မပြေတော့ အိမ်ငှားနေရတာပေါ့” ဟု ပြောသည်။

လက်ရှိကာလတွင် ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်လာသည့်အတွက် စားသောက်ရေးကိုပင် နပ်မှန်အောင် လုံးပန်းနေကြရသည့် စစ်ဘေးရှောင်များသည် အိမ်ငှားရမ်းခ ငွေကြေးအတွက်ပါ ပူပင်ကြရပြီး အခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here