မိုင်းကိုင်စစ်ကောင်စီဂိတ်က သျှမ်းမြောက်သို့ ဆန်နှင့်စက်သုံးဆီများသယ်ယူခွင့် တားမြစ်ပိတ်ပင်

0
69
Photo – Social Media

သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့်စက်သုံးဆီအပါအဝင် စားနပ်ရိက္ခာတင်ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။

မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့်စက်သုံးဆီအပါအဝင် စားနပ်ရိက္ခာသယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့်မပေးဘဲ တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

“၁၅ ရက်နေ့ကစပြီးတော့ ဂိတ်မှာတားထားတာ၊ ကုန်ကားပေး မဖြတ်ဘူး။ အဲ့ရက်နောက်ပိုင်း ဆန်ရယ် စက်သုံးဆီနဲ့ အစားအသောက်တွေ တားမြစ်လိုက်တယ်။ မြောက်ပိုင်းကို အဲ့ဒါတွေ ပေးမဖြတ်တော့ဘူး။ လူစီးကားတော့ စစ်တာ တော်တော်ကြမ်းတယ်၊ နမ့်လန်ကိုတောင် သွားလို့မရတော့ဘူး” ဟု မိုင်းကိုင်မြို့မှ အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းကိုင်နှင့် နမ့်လန်မြို့အကြား ပန်ကေတုနှင့် တုံလောကျေးရွာများရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုပိုမိုတင်းကြပ်လာပြီး ကုန်စည်ဖြတ်သန်းခွင့်ကို ကန့်သတ်တားမြစ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

“တောင်ကြီးဘက်က ကုန်ကားတွေ တစ်ရက်ကို ၁၅ စီးလောက် မိုင်းကိုင်မြို့ဝင်ဂိတ်မှာ နေ့ပိုင်း လမ်းပေါ်တန်းစီထားတယ်။ ညဘက် ၁၀ နာရီကျော်ရင် နွားတင်တဲ့ကားတွေတော့ ပေးဖြတ်တယ်ပြောတယ်။ နမ့်လန်နဲ့ ကျေးသီးဘက်သွားတာတော့ ထိန်းတာကြမ်းတယ်။ တားထားတာ ပန်ကေတုနဲ့ တုံလောဘက်မှာ” ဟု အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။

မိုင်းကိုင်မြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်က နိုဝင်ဘာလ ၁၅ ရက်တွင် ကုန်တင်ကားများကို ဖြတ်သန်းခွင့် ကန့်သတ်တားမြစ်လိုက်ပြီးနောက် မြို့ပေါ်တွင် စားသုံးကုန်နှင့် စက်သုံးဆီများ ဈေးမြင့်တက်သွားပြီး စက်သုံးဆီတစ်လီတာလျှင် ကျပ်ငွေ ၅၀၀၀ မှ ၆၀၀၀ ကြားအထိ ဈေးတက်သွားသည်ဟုဆိုသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ သျှမ်းပြည်မြောက်ပိုင်းသို့သွားရာ ရပ်စောက်-ကျောက်ဂူလမ်းကို နိုဝင်ဘာ ၁၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

သျှမ်းပြည် တောင်ပိုင်းနှင့်မြောက်ပိုင်းရှိ မြို့ကြီးများကို သွားရောက်နိုင်ရန် ရပ်စောက်မြို့နှင့် မိုင်းကိုင်မြို့တို့ကို ဖြတ်သန်းသွားသည့် လမ်းမကြီးများသည် ကုန်တင်ယာဉ် အသုံးပြုမှုများပြားပြီး ယခုကဲ့သို့ ပိတ်ပင်လိုက်သဖြင့် ခရီးသွားများနှင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်မည်ဟု ယာဉ်မောင်းများက ပြောဆိုကြသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းမှ မိုင်းရယ်မြို့နယ် ဟိုယ ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင်လည်း သွားလာခွင့်ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်ထပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ကြီးများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းဖြင့် ဒေသနေပြည်သူများကို စားနပ်ရိက္ခာဖြတ်တောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here