ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု မြောက်ကုန်း (ဒေသအခေါ်) စစ်တပ်ကုန်းအနီး စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာသည့် ဒေသခံပြည်သူတို့ကို သေနတ်ထောက်ခြိမ်းခြောက်ပြီး ရွှေ၊ ငွေ လုယက်မှုကို လုပ်ဆောင်လာသည်ဟု ဒေသခံတို့က ပြောဆိုသည်။
ယင်းကဲ့သို့ ဖြတ်သန်းသွားလာသည့် အရပ်သားပြည်သူတို့ကို လုယက်မှုလုပ်နေသော မြောက်ကုန်းနေရာသည် လုံးခင်းမြို့သံဘောင်တံတားအသေးအကျော် စစ်ကောင်စီတပ်တစ်ခုတည်း အထိုင်ချထားသည့် နေရာဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောပါသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်က လုံးခင်းကျောက်ဝိုင်းကနေ ကားနှင့်ပြန်လာသော တရုတ်အမျိုးသား၂ ဦးကို အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သားဟု ယူဆရသူ ၃ ဦးက သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ခန့် ခြိမ်းခြောက်လုယူသွားသည်ဟု ဖားကန့်ရှိ KIO နှင့် နီးစပ်သည့် ဒေသခံပြည်သူတစ်ဦး ပြောသည်။
“လုံးခင်းကျောက်ဝိုင်းသိမ်းလို့ ပြည်သူတွေ ပြန်တဲ့အချိန်ပေါ့။ လုံးခင်းကနေ ပြန်လာတဲ့ တရုတ်အမျိုးသား ၂ ယောက်ကို မြောက်ကုန်း စစ်တပ်နေရာရောက်တဲ့အချိန် လမ်းခုလပ်မှာပုန်းနေတဲ့ စစ်သား ၃ ယောက်က ထွက်လာပြီးတော့ တစ်ယောက်က သေနတ်တိုကိုင်ထားတယ်။ တစ်ယောက် သေနတ်ရှည်ကိုင်ထားတယ်။ တစ်ယောက်က ဘာမှမကိုင်ဘူးတဲ့။ သူတို့ရဲ့ပုံစံက အရပ်ဝတ်ပဲ ဝတ်ထားကြတယ်။ ဗမာစကားတစ်ခုတည်းပဲ ပြောတယ်တဲ့။ အဲဒီ သူတို့ ၃ ယောက်ကို သေနတ်ထောက်ပြီး မှောက်ထားခိုင်တယ်တဲ့” ဟု ၎င်းက ပြောသည်။
ထိုသို့ တရုတ်အမျိုးသား ၂ ဦးကို သေနတ်ထောက်၍ မှောက်လဲခိုင်းထားချိန် တဆက်တည်းမှာပင် လုံးခင်းကနေ လင်းမယား ၂ ဦး ဆိုင်ကယ်နှင့် ထပ်မံရောက်လာခဲ့ရာတွင် အဆိုပါ လင်မယား ၂ ဦးကိုပါ ရပ်ခိုင်းပြီး လက်ဝတ်ရတနာတို့ကိုပါ လုယက်သွားသည်ဟုလည်း အထက်ပါဒေသခံက ဆက်ပြောသည်။
“အဲဒီတရုတ်အမျိုးသား ၂ ဦးကို မှောက်ယှက်လဲထားခိုင်းပြီး သူတို့ ၂ ယောက်စီးလာတဲ့ ကားတွေကို ဝင်စစ်နေတဲ့အချိန် နောက်ထပ်လင်မယား ၂ ဦးက ဆိုင်ကယ်တစ်စီးနဲ့ ထပ်ရောက်လာလို့ အဲဒီ လင်မယား ၂ ဦးဆီမှာပါလာတဲ့ ဆွဲကြိုး၊ လက်စွပ်၊ နားဆွဲတွေကို သေနတ်ထောက်လုယူပြီး ပြန်လွတ်လိုက်တယ်တဲ့။ အဲ့ဒါပြီးမှ ရှေ့မှာ ဖမ်းဆီးထားတဲ့ တရုတ်ကောင်လေး ၂ ယောက်ကို သူတို့ရဲ့ စစ်တပ်ကုန်းထဲကိုခေါ်သွားပြီး သူတို့ ၂ ယောက်ဆီမှာပါလာတဲ့ ပစ္စည်းတွေအကုန်လုံး ထုတ်ပြခိုင်းတယ်တဲ့။ အဲ့ဒီ ၂ ယောက်မှာပါလာတဲ့ ငွေသိန်းတစ်ထောင်လောက်ကို ယူပေးလိုက်ပြီး ပြန်လွတ်လိုက်တယ်လို့ ပြောတယ်” ၎င်းက ပြောသည်။
အဆိုပါလမ်းတကြောတွင် စစ်ကောင်စီတပ်သာ နေရာယူထားသည့် နေရာဖြစ်ပြီးတော့ မြောက်ကုန်း စစ်တပ်ကုန်းကနေ မလန့်ကျေးရွာကိုသွားသည့် လမ်းမကြီးဖြစ်ကြောင်းလည်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ဖားကန့်ဒေသရှိ မှော်ပြည်သူအများပိုင်းသည် မြောက်ကုန်းစစ်တပ်ကုန်း၌ စစ်ကောင်စီတပ်ရှိတာကြောင့် နေ့ခင်းပိုင်း ရံဖန်ရံခါကလွဲပြီး ည ၈ နာရီနောက်ပိုင်း သွားလာသူမရှိသလောက် နည်းပါးသည်ဟု ဒေသခံများက ဆိုသည်။
ဖားကန့် ဒေသခံတစ်ဦးက “အဲ့လမ်းက စစ်တပ်ရှိတာကြောင့် အများပိုင်းက သိပ်မသွားကြဘူး။ သွားရင်တောင် နေ့ခင်းပဲ သွားကြတာများတယ်။ ၈ နာရီနောက်ပိုင်းဆို သိပ်မသွားကြဘူး။ ပြီးရင် အဲဒီလမ်းမှာက တခြား ခိုးဆိုလုယက် သူခိုးဓါးပြတွေရှိမယ့်နေရာလည်း မဟုတ်ဘူး။ အဲဒီတကြောက မျောက်ကုန်းစစ်တပ်တွေသာရှိကြတယ်။ အဲဒီနေရာက တောင်စောင်းလည်း ဖြစ်တာကြောင့် ဘယ်သူကဘာလုပ်တယ်။ ဘယ်သူလာတယ် အကုန်လှမ်းမြင်ရတဲ့ နေရာဖြစ်တယ်” ဟု ပြောသည်။
ထိုအခြေအနေကြောင့် လုံးခင်းသံဘောင်တံတားအကျော် မြောက်ကုန်းအနီးတဝိုက် အရပ်သားပြည်သူတွေဆီကနေ လုယက်မှုလုပ်နေမှုသည် စစ်ကောင်စီတပ်သာ ဖြစ်နိုင်သည်ဟု ဖားကန့်ဒေသခံပြည်သူတချို့က သုံးသပ်ပြောဆိုသည်။
ယခုကဲ့သို့ လုယက်မှုဖြစ်စဉ်မတိုင်မီ ပြီးခဲ့သည့် ၄ ရက်အတွင်းက ဖြတ်သန်းသွားလာသော အမျိုးသား ၄ ဦးကို မြောက်ကုန်း စစ်တပ်ကုန်းထဲ ခေါ်ယူဝိုင်းရိုက်တာ ရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ယင်းဖြစ်စဉ်တွင်လည်း အမျိုးသား ၄ ဦးတွင် ပါလာသော ငွေသား သိန်းတစ်ထောင်ကျော်ကို ဖမ်းဆီးရိုက်နှက်ပြီး လုယူလိုက်သည်ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောပါသည်။
ဖားကန့်ဒေသတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း မြို့ပြင်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်နေရာ အများပိုင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းယူထားပြီး စစ်ကောင်စီတပ်သားများက ဒေသအတွင်း စစ်ရေးလှုပ်ရှားမှု သိပ်မရှိတော့သော တပ်စခန်းရှိထားသည့်နေရာတွင်သာ လှုပ်ရှားသွားလာနေကြသည်ဟု ဖားကန့်ဒေသခံတို့က ပြောသည်။
KNG ပေးပို့သည်။