ဖားကန့်မြို့နယ် နန့်ယား (Namya) စခန်းသိမ်းတိုက်ပွဲအတွင်း ၃ ရက်နေ့မြောက်၌ စစ်ကောင်စီတပ်ဘက်က အလံဖြူထောင် လက်နက်ချခဲ့ပြီး အရာရှိတချို့အပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထိုနန့်ယားစစ်တပ်စခန်းကို ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်တပ်သားများက ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အလံဖြူထောင် လက်နက်ချခဲ့တာကြောင့် ပြည်သူ့စစ်တပ်စခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်းအားလုံးကို KIA က အပြီးသတ်သိမ်းပိုက်ထားပြီ ဖြစ်သည်ဟု KIA နှင့် နီးစပ်သည့် နန့်ယားဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။
“ဒီမနက် ၇ နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီး ထွက်လာကြတယ်။ အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ ပြောတယ်တဲ့။ KIA က အမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်” ဟု ပြောသည်။
နန့်ယားတပ်စခန်းက စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချအပြီးတွင် KIA က တပ်စခန်းတွင်းရှိ စစ်လက်နက်၊ ခဲယမ်းများကို ကားနှင့်သယ်ယူနေကြပြီဟု ၎င်းက ဆက်ပြောသည်။
KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်သည့် နန့်ယားတပ်စခန်း၌ ပြည်သူ့စစ်အပါအဝင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသော တပ်စခန်းဖြစ်ပြီး ထိုတပ်စခန်းထဲရှိ ယမ်းဂိုဒေါင် ဖောက်ခွဲခံရချိန် ပြည်သူ့စစ်ဘက်က သေဆုံးမှု များခဲ့သည်ဟု ဆိုသည်။
နန့်ယားတပ်စခန်းမှ အရာခံဗိုလ်၊ တပ်ကြပ်ကြီးအပါအဝင် တပ်သား စုစုပေါင်း ၃၀ ခန့်က KIA ဆီ လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ပြီး တချို့မှာ ထွက်ပြေးလွတ်မြောက်သွားသလို တိုက်ပွဲ၌ သေဆုံးသွားသူများရှိကြောင်း သိရသည်။
နန့်ယားစခန်းသိမ်း တိုက်ပွဲအတွင်း KIA ဘက်က ၇ ယောက် ကျဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သူများလည်းရှိသည်ဟု KIA သတင်းအရင်းအမြစ်များက ပြောသည်။
နန့်ယားတပ်စခန်းသည် မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေ ဖားကန့်ကိုသွားသည့် လမ်းမပေါ်၌ တည်ရှိပြီး ဖားကန့်ကိုတက်သည့် ခရီးသည်တင်ကား၊ ကုန်တင်ကားများကို စစ်ဆေးဖမ်းဆီးပြီး ၁၀ စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးများ ရောင်ချပေးပြီး ငွေကြေးရှာပေးနေသော တပ်စခန်းကြီးတစ်ခုဖြစ်သည်ဟု နန့်ယားဒေသခံ အမျိုးသားက ဆက်ပြောသည်။
“ဒီဖားကန့်လမ်းပေါ်မှာက နန့်ယားနဲ့ နမ်တိန့်က အရမ်းအရေးကြီးတဲ့ စစ်တပ်စခန်းတွေ ဖြစ်တယ်။ ပြောရရင် ပိုက်ဆံရှာပေးနေတဲ့ နေရာပေါ့။ အဲဒီနန့်ယားတပ်စခန်းကပဲ ‘ယာမ၊ ဖိုး’ တွေ ရောင်းချပေးတာ ဖြစ်တယ်။ အခု အဲဒါတွေလည်း မရှိတော့ဘူး။ နောက်ပြီးရင် အဲဒီတပ်စခန်းမှာပဲ ဒေသခံတွေသွားလာရင်း သတ်ဖြတ်ခံရတာ ၅ ယောက်လောက်ရှိပြီ။ ဒါကြောင့်လဲ KIA က အမြန်ရှင်းလိုက်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ဒေသခံပြည်သူများ၏ ပြောဆိုမှုအရ နန့်ယားတပ်စခန်းသည် ‘ဘိန်းဖြူ၊ ရာမ’ မူးယစ်ဆေးဝါးများကိုထားရှိပြီး ဖားကန့်ဒေသတဝိုက်ကို အဓိကဖြန့်ဖြူး ရောင်းချပေးနေသော နေရာလည်းဖြစ်သည်ဟု ဆိုသည်။
နန့်ယားတပ်စခန်းကို ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ခုနှစ်ခန့်က နန့်ယားဒေသခံတချိုကို ပြည်သူ့စစ် ဖွဲ့စည်းပေးခဲ့ပြီး နန့်ယားပြည်သူ့စစ်အဖြစ် တည်ရှိနေရာက စစ်ကောင်စီတပ်စခန်းအဖြစ် တပ်ချနေထိုင်ထားသော တပ်စခန်း အကြီးတခုဖြစ်လာကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်နှင့် နန့်ယားကျေးရွာ ပတ်ပတ်လည်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာစာသင်ကျောင်းအနီးတဝိုက်ရှိ နေအိမ် ၁၀ လုံးအထက် မီးလောင်ပျက်စီးသွားပြီး နန့်ယားဒေသခံ ပြည်သူများသည် နန့်ယားကျေးရွာအနီးရှိ ယုဇနပါ (ဒေသခေါ်) နေရာ၌ တိမ်းရှောင်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖားကန့်မြို့ဝင်အနီး နမ်တိန့်စစ်ကောင်စီ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်လကျော်အကြာ၌ နန့်ယားတပ်စခန်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ဖားကန့်သွားလမ်းပေါ်တွင် စစ်ကောင်စီတပ်စခန်းများ ကင်းစင်လာပြီဟု ဆိုသည်။
လက်ရှိချိန်၌ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသေးတာကြောင့် မြစ်ကြီးနား – ဖားကန့်သွား လမ်းမကြီးကို KIA ပူးပေါင်းတပ်များက ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
KNG ပေးပို့သည်။