တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်ကြားတွင် လှည့်ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရသည်ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က သုံးဘီးယာဉ်အသုံးပြုပြီး လှည့်ကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အခင်းဖြစ်ရာနေရာမှာပင် သေဆုံးပြီး ထိခိုဏ်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံက MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ MA2 စက်ကလေး တစ်လက်၊ ကျည်ဘောက် ၁၅ ခုနှင့် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံများ ပြောပြချက်အရ အဆိုပါတိုက်ခိုက်မှုအတွင်း သုံးဘီးယာဉ်မောင်းဖြစ်သည့် ထားဝယ်မြို့နေ ဦးစံမြလည်း ထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။
ထိုသို့ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်အကြားကို စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။