တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေ

0
97
PDF - Moe Byae

တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ရှမ်းပြည်နှင့် ကရင်နီပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း မိုးဗြဲ PDF (၁၀၀၁) တပ်ရင်းထံက သိရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့က စတင်၍ လက်ရှိအချိန်အထိ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထိုးစစ်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်နေသည်ဟု မိုးဗြဲ PDF (၁၀၀၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ကတော့ တတ်နိုင်သမျှ ကျနော်တို့သိမ်းရခဲ့တဲ့ နယ်မြေတွေတော့ တစ်လက်မတောင် ပြန်မပေးနိုင်ဘူးပေါ့။ ကျနော်တို့ကတော့ အစွမ်းကုန် ပြန်ခုခံနေတယ်။ လက်ရှိ မိုးဗြဲမှာရှိနေတဲ့ မိုးဗြဲ PDF နဲ့ KNDF ဒေသခံတပ်ရင်းတွေတော့ အစွမ်းကုန်ခုခံနေတယ်” ဟု အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အင်အား ၅၀၀ ပါသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းသည် သြဂုတ်လကစတင်၍ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ကနေတဆင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့ကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောပါသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာ၊ စစ်ဘေးရှောင်စခန်းများဘက်သို့ လေကြောင်းသုံးတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် လူထိခိုက်သေဆုံးမှုလည်းရှိနေကြောင်း ဒေသခံတို့ထံက သိရသည်။

တိုက်ပွဲအတွင်း မိုးဗြဲနှင့် ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးနှင့် ပစ်ကူနေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။

“မိုးဗြဲဘက်မှာတော့ စစ်ကောင်စီဘက်က တိုက်ခိုက်နေတာရှိပါတယ်။ မိုးဗြဲ အခြေစိုက် ၄၂၂ တပ်ရော ဖယ်ခုံအခြေစိုက်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်လာတာမျိုးဖြစ်ပါတယ်” ဟု တာအယ်စိုးက ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ခမရ (၄၂၂) ကျန်ရှိနေပြီး ဖယ်ခုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်သည့် ခမရ (၃၃၆) ၊ ခမရ (၄၂၁) နှင့် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) တို့ အခြေစိုက်ထားသည်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားသုံးတိုက်ခိုက်နေပြီး မိုးဗြဲမှတဆင့် လွိုင်ကော်မြို့ဘက်ကို စစ်ကြောင်းထိုးနိုင်ရန် ကြိုးစားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုကတော့ သူတို့တောက်လျှောက်တော့ လုပ်နေတာတော့တွေ့ရတယ်။ သူတို့ ထိုးစစ်ဆင် နိုင်ဖို့အတွက်ပေ့ါ။ ထိုးစစ်ပြန်ဆင်နိုင်ဖို့ ကျနော်တို့ တစ်လေးလုံးမစ်ရှင်ကနေစပြီးတော့ ကရင်နီပြည်တကြောမှာ တိုက်ပွဲဖြစ်နေတဲ့ ကျနော်တို့သိမ်းရခဲ့တဲ့ နေရာတချို့တွေကို သူတို့ပြန်သိမ်းရဖို့တော့ အကြိမ်ကြိမ် ကြိုးစားနေ တာတော့ တွေ့ရတာပေ့ါနော်” ဟု မိုးဗြဲ PDF (၁၀၀၁) တပ်ရင်း တာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေသည်မှာ တပတ်ကျော်ကြာ ရှိလာပြီဖြစ်သော်လည်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသောနယ်မြေများကို ကာကွယ်နိုင်ဖို့ ၊ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို တန်ပြန် တိုက်ခိုက်နိုင်ရန်အတွက် မိုးဗြဲ PDF ၁၀၀၁ တပ်ရင်းနှင့် KNDF တပ်ရင်း (၃) တို့က “စုပေါင်းကူညီ ထောက်ပို့ကျည်” သိန်း (၅၀၀၀) Campaign ကို နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြုလုပ်နေသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်သည့် တစ်လေးလုံးစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့က မိုးဗြဲ၊ ဖယ်ခုံဒေသက စစ်ကောင်စီတပ်စွဲထားသော နေရာများဖြစ်သည့် ဝါရီဆူးပလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း – ၃၊ ပွဲကုန်း -၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား- ၂ ၊ စက်တော်ရာ တောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုးဗြဲမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here