သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသော်လည်း ဒေသခံပြည်သူများ ဝမ်းရေးအတွက် အလုပ်လုပ်ရန် ခက်ခဲနေကြကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ရှောင်အများစု နေရပ်ပြန်လာနေကြသော်လည်း ဝမ်းရေးအတွက် အလုပ်အကိုင်ရှားပါးနေတာကြောင့် အခက်အခဲများ ကြုံနေရကြောင်း ကျောက်မဲမြို့ နေရပ်ပြန်စစ်ရှောင်များက ပြောသည်။
လက်ရှိကာလသည် အလုပ်အကိုင် ရှားပါးနေချိန်ဖြစ်ပြီး တဖက်တွင်လည်း ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် ရေရှည်တွင် စားနပ်ရိက္ခာ ပြတ်လပ်နိုင်ကြောင်းလည်း နေရပ်ပြန် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“တိုက်ပွဲတွေငြိမ်တော့ နေရပ်ပြန်ရတာတော့ စစ်ရှောင်တော့လည်း ပိုက်ဆံကကုန်တယ်လေ။ အခု ဒီမှာလည်း လုပ်ကိုင်စားသောက်လို့လည်း မရဘူး။ နေစရိတ်မကုန်တော့ သက်သာတာပေါ့” ဟု နေရပ်ပြန် စစ်ရှောင်အမျိုးသမီးက ပြောဆိုသည်။
လက်ရှိ၌ ကျောက်မဲမြို့နယ်တွင် ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်ပုံစံမျိုးဖြင့် အဘက်ဘက်မှ ပိတ်ဆို့ထားသဖြင့် စားသောက်ကုန်စျေးနှုန်းသည် အဆမတန် စျေးမြင့်တက်လာပြီး ဒေသခံပြည်သူများ အဆင်မပြေဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ရှောင်အမျိုးသမီးက “ကြက်ဥတစ်လုံး ၅၀၀ ကျပ်၊ ဆန်တပြည်ကို ရှစ်ထောင်ကျပ်ပေးနေရတာ။ အလုပ်ကလည်းမရှိတော့ တနေ့တနေ့ ပိုပြီးကျပ်တည်းလာတယ်။ အဆင်မပြေဘူး။ တိုက်ပွဲဆက်ဖြစ်ရင် ဘယ်နားသွားပုန်းနေရမှာလဲ” ဟု ပြောသည်။
ထို့အပြင် ကျောက်မဲမြို့နှင့် အခြားသော သျှမ်းမြောက်ဒေသသို့ သွားလာမည့်ခရီးသည်များကို ဗထူးဂိတ်တွင် အစစ်အဆေး တင်းကြပ်ထားသည့်အပြင် စားသောက်ကုန်အမြောက်အများကိုလည်း တင်ဆောင်ခွင့်မပေးတော့ကြောင်း နေရပ်ပြန်စစ်ရှောင်အမျိုးသားတစ်ဦးက ပြောဆိုသည်။
“လူတော့ သွားလာလို့ရတယ်။ စားသောက်ကုန်နဲ့ တခြားသောကုန်တွေ ပေးမတင်တော့ဘူး။ ရေသန့်နဲ့ ပဲနို့တောင် တစ်ကတ်ပြည့်ရင် လှူခဲ့ရမဲ့အနေထားဖြစ်နေတယ်။ ဆေးဝါးအချို့တော့ တင်ခွင့်ပြုထားတယ်။ တော်တော်လေးကို စစ်ဆေးတင်းကြပ်ထားတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့ကို စစ်ရှောင်အများစု ပြန်လာကြသော်လည်း စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်လာမည်ကို စိုးရိမ်နေကြပြီး လေကြောင်းဖြင့် လာရောက်တိုက်ခိုက်မည်ကိုလည်း ကြောက်လန့်နေကြသည်ဟု အဆိုပါနေရပ်ပြန်စစ်ရှောင်အမျိုးသားက ပြောဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA တပ်က ကျောက်မဲမြို့ကို ယခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းဖြင့် ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။