ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၆) အုပ်ချုပ်မှုနယ်မြေ၊ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာကို အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအဘိုးအို ၁ ဦး သေဆုံးခဲ့ပြီး ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ စကခ -၁၂ လက်အောက် ခြေမြန်တပ်ရင်း (ခမရ-၂၃၁) ၏ တပ်သစ်အမြှောက်ကုန်းမှ အောက်တိုဘာ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် တိုက်ပွဲမဖြစ်ဘဲ တောင်နှင့်မြောက်ကြာအင်းကျေးရွာသို့ လက်နက်ကြီး အချက်ရေ ၆ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ထိုသို့လက်နက်ကြီးနှင့် ပစ်ခတ်တာကြောင့် မြောက်ကြာအင်းကျေးရွာနေ အသက် ၇၁ နှစ်အရွယ် ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး တောင်ကြာအင်းကျေးရွာနေ အသက် ၇၀ အရွယ် နောက်ထပ်ဒေသခံအဘိုးအို ၁ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု တောင်ကြာအင်းရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ ပစ်တာ၊ ကျမအိမ်နောက်တင် လက်နက်ကြီး ၁ လုံး လာကျတယ်။ ရွာထဲမှာလည်း ထပ်ကျတာတွေရှိတယ်။ အဖိုးတစ်ယောက်ကတော့ ခြေထောက်ပဲထိတာ၊ ဒဏ်ရာသိပ်မပြင်းလို့ ဆေးခန်းတောင် မရောက်ဘူး။ မြောက်ကြာအင်းက အဖိုးကတော့ ခန္ဓာကိုယ်ထက်ပိုင်းပြတ်ဒဏ်ရာနဲ့ ပွဲချင်းပြီးဆုံးတယ်” ဟု ထိုရွာခံအမျိုးသမီးက ပြောသည်။
စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် တောင်ကြာအင်းကျေးရွာသို့ ၃ လုံး၊ မြောက်ကြာအင်း ကျေးရွာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒေသခံတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ရုံမျှမက ဒေသခံပိုင် နေအိမ်တချို့နှင့် သီးပင်စားပင်များ ကျည်စထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း ရွာခံတို့၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စစ်ကောင်စီတပ်စွဲထားသည့် တောင်ကြာအင်းကျေးရွာ ရဲစခန်းနှင့် အထက်တန်း စာသင်ကျောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက တိုက်ခိုက်၍ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ပြီးနောက် အနီးရှိ စစ်ကောင်စီတပ်စခန်းကနေ ရွာအတွင်းသို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။
ထို့အခြေအနေကြောင့် ဒေသခံအများစု နေအိမ်စွန့်ခွာ ထွက်ပြေးနေကြသလို လူသေဆုံးထိခိုက်လာတာကြောင့် ရွာအတွင်း စိုးတထိတ်ထိတ်ဖြင့် ပြန်လာနေသူ ဒေသခံအချို့လည်း ထပ်မံတိမ်းရှောင်နေကြသည်ဟု ရွာခံများကဆိုသည်။
လက်နက်ကြီးကြောင့် ဒေသခံများဘဝ ရပ်တည်ရေး မလုံခြုံသည့်အပြင် ပဋိပက္ခဖြစ်စဥ်များအတွင်း စာသင်ကျောင်း မီးလောင်ပျက်စီးခဲ့ရသဖြင့် ကျောင်းနေအရွယ် ရွာခံကလေးငယ်များ ပညာရေးအဟန့်အတားဖြစ်ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။
လတ်တလောတွင် စကခ (၁၂) တပ်နှင့် ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များက ကျုံဒိုး၊ ကော့ကရိတ်ဘက်သို့ ကင်းထောက်ဒရုန်းများဖြင့် ပျံဝဲစုံစမ်းမှု ပြုလုပ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိနေသည်။
KIC ပေးပို့သည်။