ကရင်နီပြည်မှာ ၄ လအတွင်း စစ်ကောင်စီတပ် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၂ ဦးသေဆုံး

0
221
ပုံစာ - ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်တစ်နေရာ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦး။

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၄ လအတွင်းအရပ်သားပြည်သူ ၂၂ ဦးသေဆုံးခဲ့တယ်လို့ မေလ (၁) ရက်နေ့က တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ထုတ်ပြန်ချက်အရ သိရပါတယ်။

”အရပ်သားသေတာက စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်တာပေါ့နော အဲဒါက ၇ယောက်ရှိတယ်။ နင်းမိုင်းကို နင်းမိပြီး သေဆုံးတာ ၄ယောက်ပေါ့။ လေကြောင်းပစ်ခတ်မှုကြောင့် သေသွားတဲ့ အရပ်သားက ၇ယောက်ပေါ့။ လက်နက်ကြီး ၊ လက်နက်ငယ်ထိမှန်မှုကြောင့် သေဆုံးတာက ၄ယောက်ပေါ့။ အားလုံးပေါင်း ၂၂ယောက်ပေါ့နော” လို့ PKPF တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

အများစုက ဒီးမော့ဆို၊ လွိုင်ကော်၊ ဘောလခဲ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံဒေသတွေကဖြစ်ပြီး အသက် ၂၀ နဲ့ ၄၀ အရွယ်လူလတ်ပိုင်းတွေဖြစ်ကြသလို ကျား ၂၀ ဦး၊ မ ၂ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကာကွယ်ဖို့ အသိပညာနည်းပါးသေးတာကြောင့်လည်း ပြည်သူတွေ ထိခိုက်သေဆုံးနေရတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

”ဒီလေကြောင်းနဲ့ပတ်သက်တဲ့အသိပညာပေးတွေ။ လေကြောင်းရန်ကနေလာရင် ဘာတွေလုပ်ရမလဲ အ့လိုမျိုးအသိပညာပေးတွေလည်း အများကြီးလိုသေးတယ်လို့ ကျနော် တစ်ယောက်အနေနဲ့လည်း မြင်ရတယ်ပေါ့နော”

ဝေဟင်ရန်ကာကွယ်ဖို့ ပြည်သူတွေအနေနဲ့လည်း အတတ်နိုင်ဆုံး ဗုံးခိုကျင်းတွေ တူးထားနိုင်တာ အကောင်းဆုံးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အရပ်သားပြည်သူသေဆုံးမှု အများဆုံးမှာ စစ်ကောင်စီရဲ့ ညှင်းဆဲသတ်ဖြတ်မှုကြောင့်ဖြစ်ပြီး ဝေဟင်တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းဟာ ဒုတိယ အဆင့်မှာ ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသ တချို့အပါအဝင် ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့အထိ အရပ်သားသေဆုံးသူ (၃၁၈) ဦးအထိ ရှိခဲ့တယ်လို့ PKPF လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here