ကရင်နီ (ကယား) ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ဒေသခံအရပ်သားများ မိုင်းကြောင့် ထိခိုက်မှု၊ သေဆုံးမှုသည် ၁၀၀ ဝန်းကျင်အထိ ရှိလာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ၏ စာရင်းအရ သိရှိရသည်။
အဆိုပါ ထိခိုက်မှု၊သေဆုံးမှုစာရင်းသည် IEC က လက်လှမ်းမှီသမျှ ကောက်ယူထားသည့် စာရင်းများသာဖြစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ တပ်စွဲခဲ့ဖူးသောနေရာ ကျေးရွာများ၌ မြေမြှုပ်မိုင်းတွေကို အများဆုံးမြင်တွေ့ရသည်ဟု IEC ရဲ့ အတွင်းရေးမှုး (၂) ဦးဗညားက ဆိုသည်။
“ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတွေ၊ သေဆုံးတဲ့စာရင်းတွေက တဖြည်းဖြည်းတိုးလာတယ်ပေါ့။ အဲတော့ အရင်တုန်းက လန့်စရာလဲ ကောင်းတဲ့ဟာက ၆၀ ဝန်းကျင်ရှိတယ်။ နောက်မှ ပြန်ထိတဲ့ဟာနဲ့ ပြန်ပေါင်းလိုက်တော့ ထိခိုက်ဒဏ်ရာက ၆၀ ကျော် ၇၀ ကျော်သွားတာပေါ့နော်။ ပြီးတော့ သေဆုံးတဲ့သူကလည်း ၁၀ ကျော် ၂၀ ဝန်းကျင်ဆိုတော့ အားလုံးပေါင်းတော့ (၁၀၀) ဝန်းကျင်လောက်ရှိတယ်လို့ ပြောလို့ရတယ်” လို့ ဦးဗညားက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အများစုသည် စစ်ကောင်စီက အဓိကအသုံးပြုနေသည့် ၁၄ မိုင်း (M-14 မိုင်း) ကြောင့်ဖြစ်သည်ဟု ဦးဗညားက ဆက်ပြောသည်။
ထိုသို့ ၁၄ မိုင်း (M-14 မိုင်း) အလွန်အန္တရာယ်ကြီးမားပြီး အသက်ဆုံးရှုံးစေနိုင်တာကြောင့် ဒေသခံများ နေရပ်ပြန်ရာတွင်လည်ကောင်း စစ်ကောင်စီတပ်စွဲခဲ့ထားသည့် နေရာများတွင်လည်ကောင်း သတိထားသွားလာကြရန် IEC က သတိပေးထားသည်။
စစ်အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လူသတ်လက်နက်အဖြစ် အဓိကအသုံးပြုနေသော ၁၄ မိုင်း (M-14 မိုင်း) အရွယ်အစားမှာ လက်တစ်ဖဝါးစာရှိသည့် သေးငယ်သော မိုင်းမျိုးအစားဖြစ်ပြီး၊ လူနှင့် ကျွဲ၊နွား တိရစ္ဆာန်များကို အသက်အန္တရာယ် ကျရောက်စေနိုင်သည့်အထိ ကြီးမားသောထိခိုက်ပျက်စီးမှု ဖြစ်စေသည်ဟု ဆိုသည်။
မိုင်း ရှင်းလင်းရေး ဆောင်ရွက်နေသည့် ဗိုလ်နေတိုးက “မိုင်းက ဘယ်လောက်ထိ အန္တာရာယ်ရှိလဲဆို လူတွေကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုရင် ခြေလက်အင်္ဂါတွေ ဆုံးရှုံးမယ်။ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးနိုင်တယ်” ဟု အသိပေးပြောဆိုသည်
စစ်ကောင်စီတပ် တပ်စွဲခဲ့ဖူးသည့်နေရာများနှင့် ကျေးရွာများတွင် မြေမြှုပ်မိုင်းများကို အများဆုံးမြင်တွေ့ရတတ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဒေသခံအရပ်သားပြည်သူများသည် စစ်ကောင်စီ ပြန်လည်ဆုတ်ခွာပြီး မိမိနေအိမ်ကို ပြန်ကြည့်ကြသည့်အချိန်နှင့် စားဝတ်နေရေးအတွက် သီးနှံများ ပြန်လည်စိုက်ပျိုးချိန်တို့တွင် မိုင်းအန္တာရာယ်နှင့် ကြုံတွေ့ကြရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။