ကချင်ပြည်နယ်အတွင်းရှိသည့် တရုတ် – မြန်မာ နယ်စပ်ဂိတ်တချို့ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာပင် ပြန်လည်ဖွင့်လိုက်ပြီဟု KIO/KIA ထံက စုံစမ်းသိရှိရသည်။
နယ်စပ်ဂိတ်တချို့ ပြန်ဖွင့်သည့် အခြေနေနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို ပြောဆိုသည်။
“အားလုံးပြန်ဖွင့်ပြီဆိုတာတော့ မကြားပါဘူး။ မိုင်ဂျာယန်တို့၊ လိုင်ဇာတို့မှာကတော့ ဂိတ်တွေကတော့ ဖွင့်တော့ ဖွင့်တယ်တဲ့၊ ဒါပေမဲ့ လူတွေသွားလာခွင့်တော့ မပြုသေးဘူးပြောတယ်။ ကားအဝင်အထွက်လည်း ခွင့်မပြုသေးဘူး လို့ပြောတယ်။ တခြားကုန်စည်စီးဆင်းမှုတွေလည်း အခုထက်ထိ ဘာမှခွင့်မပြုသေးဘူးလို့ ပြောတယ်။ အဲ့ဒီဂိတ် ဝါးလုံးတွေတော့ ဖြုတ်ပြီလို့ အဲ့လောက်ပဲ ကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်အတွင်း တရုတ် – ကချင်နယ်စပ်ဂိတ်များဖြစ်သည့် KIO ဌာနချုပ်ရှိရာ လိုင်ဇာ နယ်စပ်ဂိတ်၊ လွယ်ဂျယ် နယ်စပ်ဂိတ်၊ ပန်ဝါမြို့ နယ်စပ်ဂိတ်၊ ကံပိုင်တည် နယ်စပ်ဂိတ်၊ ဖီမော် နယ်စပ်ဂိတ်စသည့် နယ်စပ်ဂိတ်များရှိပြီး ထိုနယ်စပ်ဂိတ်အားလုံးကို KIO/KIA က ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ပန်ဝါရှိ နယ်စပ်ဂိတ်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အထိ မဖွင့်သေးကြောင်း ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။
“ခုထိတော့ မဖွင့်သေးဘူး။ ဒါပေမယ့် ခုကြားရတာက မကြာခင်ဖွင့်တော့မယ်ဆိုပြီး သတင်းထွက်နေတယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဂိတ်အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ကချင်ပြည်နယ်တွင်ရှိသည့် တရုတ်နယ်စပ်ဂိတ် အားလုံး စဖွင့်ပြီဖြစ်ကြောင်း ရုပ်သံနှင့်တကွ ၎င်း၏ဖေ့ဘုတ်စ်စာမျက်နှာကတဆင့် အသိပေးထားသည်။
ဝန်ကြီးဒေါက်တာတူးခေါင်၏ ဖေ့ဘုတ်စ်တွင်တင်ထားသည့် ရုပ်သံထဲတွင် မိုင်ဂျာယန်၊ လိုင်ဇာ၊ လွယ်ဂျယ်၊ ပန်ဝါ စသည့် နယ်မြေအတွင်းက တရုတ်နယ်စပ်ဂိတ်များကို KIO လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတို့က ပိတ်ထားသည့် အတားအဆီးများကို ဖယ်ရှားနေသည်ကို တွေ့ရသည်။
တရုတ် – ကချင်နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ကချင်အထူးဒေသ (၁) ဒေသသိမ်းတိုက်ပွဲနှင့် ကန်ပိုက်တည် နယ်စပ် မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့ချိန်ကစ၍ တရုတ်ဘက်ကရော၊ ထိုနယ်စပ်ဒေသတို့ကို စစ်ကောင်စီ လက်ထဲကနေ သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် KIA ဘက်ကပါ ပြန်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါနယ်စပ်ဒေသကို KIA ဘက်က ထိန်းချုပ်နိုင်အပြီး ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တို့က သိမ်းပိုက်ရန် တိုက်ပွဲများပြင်းထန်နေချိန်မှာပင် တရုတ်နိုင်ငံက KIO ကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။
လက်ရှိ၌ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့သို့ ရောက်ရှိနေပြီး တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့နှင့် တွေ့ဆုံရန်ရောက်ရှိနေချိန်မှာပင် တရုတ် – ကချင်နယ်စပ်ဂိတ်များကို နှစ်ဖက်စလုံးက ပြန်ဖွင့်ခဲ့ကြခြင်းလည်း ဖြစ်သည်။
KNG ပေးပို့သည်။