၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် အင်တာနက်လွတ်လပ်ခွင့်နှင့်နည်းတူ ပိုမိုကျဆင်းလာနေသည်ဟု မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်သည့်၂၀၂၄ ခုနှစ် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ” အစီရင်ခံစာတွင် ထောက်ပြထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း အနည်းဆုံး (၈၁) မြို့နယ်တွင် အင်တာနက် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။
အထူးသဖြင့် စစ်ကောင်စီနှင့် စစ်ရေးပဋိပက္ခကြီးထွားရာ နေရာဒေသများအပြင် စစ်ကောင်စီလက်လွှတ်ခဲ့သည့် မြို့နယ်အားလုံးနီးပါတွင် အင်တာနက်ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။
သတင်းလွတ်လပ်ခွင့်၊ အင်တာနက်လွတ်လပ်ခွင့်သည် လူသားတိုင်း၏ အခြေခံလူ့အခွင့်အရေးတစ်ခု ဖြစ်သော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပိတ်ပင်ခံရမှုကြောင့် ပြည်သူတို့ ဆက်သွယ်ရေးအခက်အခဲအပြင် အွန်လိုင်းမှ သတင်းအချက်အလက် ရရှိမှုလည်း တပြိုင်တည်းဆုံးရှုံးနေရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အနိမ့်ဆုံးအခြေအနေတွင် ရောက်ရှိနေသည်ဟု မြန်မာအင်တာနက်ပရေဂျက်မှ တာဝန်ရှိသူက ပြောဆိုသည်။
“အခုကာလမှာ အင်တာနက်ပိတ်တယ်၊ ဖုန်းလိုင်း ဖြတ်တောက်တယ်။ လူမှုကွန်ရက်မီဒီယာတွေကို အသုံးပြုလို့မရအောင် လုပ်ဆောင်တယ်ဆိုရင် အင်တာနက်လွတ်လပ်ခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်တာပဲ၊ ဒီလို ပိတ်ပင် လိုက်တဲ့အတွက် အများပြည်သူဟာ သတင်းအချက်အလက်သိပိုင်ခွင့်ဆုံး ရှုံးသွားတယ်။ ဒီအပြင် စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို တရားလက်လွတ် ဖမ်းဆီးတယ်။ သတင်းဌာနတွေကို ပိတ်တယ်။ ဒါတွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ပိတ်ပင်ကန့်သတ်လိုက်တာပဲ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီက အင်တာနက်ဖြတ်တောက်မှု အချိန်မရွေး ပြုလုပ်နိုင်သည့်အပေါ် ပြည်သူတို့ ပုံနှိပ်မီဒီယာ ပြန်လည်အသုံးပြုရန်၊ ရေဒီယိုနှင့် စတားလင့်ခ့်အင်တာနက် အသုံးပြုနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်းလည်း ၎င်းက တိုက်တွန်းသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒီဂျစ်တယ်လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါးလုပ်ဆောင်ခဲ့သည့်အပြင် ၂၀၂၅ နှစ်ဆန်းပိုင်းတွင်လည်း ဆိုဘာလုံခြုံရေးဥပဒေ ပြဌာန်းလာခြင်းကြောင့် ဒီဂျစ်တယ်နှင့် သတင်းလွတ်လပ်ခွင့် အမှောင်ဘက်သာ ဦးတည်မည်ဟု (MIP) တာဝန်ရှိသူက သုံးသပ်ပြောပါသည်။
ပြီးခဲ့သည့်၂၀၂၄ ခုနှစ်တွင် သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းခဲ့သည်သာမက ပြည်တွင်း၊ ပြည်ပ အခြေစိုက် မီဒီယာများအတွင်း အလုပ်လုပ်ကိုင်နေသည့် သတင်းသမားများသည် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း သတင်းလုပ်ငန်းကြောင့် ၃ ဦး သေဆုံးခဲ့ရပြီး ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“သတင်းမီဒီယာသမားတွေ သတင်းလုပ်ငန်းလုပ်ချိန်မှာ အသတ်ခံရတယ်ဆိုတာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို လျစ်လျူရှုခံရတာပဲ။ ဒီလိုအခြေအနေမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေက ရရှိနိုင်မဲ့ မှန်ကန်ပြီးတိကျတဲ့ အများပြည်သူ အကျိုးစီးပွားရှေ့ရှု့မှုတွေ အားနည်းသွားစေတယ်။ အမှောင်ကြီးစိုးအားကြီးလာဖို့ အားပေးသလို ဖြစ်စေတဲ့အတွက် လူ့အဖွဲ့အစည်း အကျိုးကိုလည်းယုတ်စေတယ်” ဟု (MIP) တာဝန်ရှိသူက ဆိုသည်။
သတင်းသမားသေဆုံးမှုနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရမှုပေါ် လွတ်လပ်သော မြန်မာသတင်မီဒီယာကောင်စီ (IPCM) က ကန့်ကွက်မှု ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီမှ ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် ပြင်ဆင် ဆောင်ရွက်ခြင်း မရှိခဲ့ပေ။
၂၀၂၄ ခုနှစ်အတွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားဒေသရှိ တော်လှန်ရေးအင်အားစုတို့ကြား ပွတ်တိုက်မှု ဖြစ်ပွားခဲ့သော်လည်း အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု (MIP) မှ သိရသည်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီက သတင်းသမား ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ရာ လက်ရှိအချိန်အထိ သတင်းသမား ၄၄ ဦး အကျဉ်းထောင်တွင်ရှိနေပြီး သတင်မီဒီယာ ၁၅ ခု လိုင်စင်ရုပ်သိမ်းခံခဲ့ရသည်။
ထို့ကြောင့် ယမန်နှစ် မေလ ၃ ရက်နေ့က ကမ္ဘာ့သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် အဖိနှိပ်ခံရဆုံးစာရင်း ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်ဟု ဖော်ပြထားသည်။
IMNA ပေးပို့သည်။