သျှမ်းမြောက်သို့ စစ်ကောင်စီက ကုန်စီးဆင်းမှု ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မှတဆင့် သယ်ဆောင်နေရ

0
42
Photo – CJ

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်က ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် မိုးကုတ်မြို့မှတဆင့်သယ်ယူနေရပြီး ဈေးကြီးပေးဝယ်ယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်များသို့ ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာလမှစတင်ပြီး စားနပ်ရိက္ခာဖြတ်တောက်ရန် ကုန်စည်စီးဆင်းမှုကို တင်းတင်းကြပ်ကြပ် ပိတ်ပင်လျက်ရှိရာ TNLA တပ်ဖွဲ့ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ဘက်မှတဆင့် ကွေ့ပတ်သယ်ဆောင်နေရခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲဒေသခံကုန်သည်တစ်ဦးက “မန္တလေးအထွက် (၁၆) မိုင်ဂိတ်မှာလည်း ပိတ်ထားတာ သုံးလကျော်ပြီ။ သီပေါ၊ ကျောက်မဲဘက် ကုန်ရောက်ဖို့ မန္တလေး – မိုးကုတ်လမ်းကနေ ပတ်ရတယ်။ မိုးကုတ်ကနေ မိုင်းလုံဘက် အဲ့လိုထပ်သယ်ရတယ်။ လမ်းစရိတ်နဲ့ ဂိတ်ကြေးနဲ့ပေါင်းလိုက်ရင် ဈေးက အရင်ထက် ၃ ဆ၊ ၄ ဆ မက တက်သွားတာ” ဟု ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့ဘက်မှကုန်စည်များကို မိုးကုတ် – မိုင်းလုံ – ကျောက်မဲ – သီပေါ လမ်းကြောင်းအတိုင်း သယ်ယူနေရပြီး လမ်းစရိတ်နှင့် ဂိတ်ဖြတ်သန်းခများကြောင့် ကုန်ဈေးနှုန်းမှာ ယခင်ကထက် ၃ ဆ၊ ၄ ဆ မြင့်တက်သွားကြောင်း ကုန်သည်များထံမှ သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က ၂၀၂၄ အောက်တိုဘာလမှစတင်ပြီး မန္တလေးအထွက် (၁၆) မိုင်ဂိတ်မှစတင်ပြီး တားမြစ်ထားကြောင်း ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်မှ စတင်ပြီး စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်များသို့ သွားလာရာ ရပ်စောက် – အင်တော – ကျောက်ဂူ – နောင်ချို လမ်းပိုင်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားပြီး ကုန်ကားကြီးများကို ငွေကြေး ပေးဆောင်နိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း ဒေသခံများက ပြောဆိုသည်။

ဇန်နဝါရီလဆန်းပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားသည့် ဒေသများထဲမှ ရွှေလုပ်ကွက်များထံ စက်သုံးဆီတင်ပို့ရောင်းချသူ (၁၇) ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here