မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ပြည်သူတို့၏ နေ့စဉ်ဘဝနှင့် စက်မှုလုပ်ငန်းများအပေါ် ပြင်းထန်သည့်သက်ရောက်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံပြည်သူတို့က ပြောဆိုသည်၊၊
မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တစ်ရက်လျှင် ၈ နာရီခန့်ရရှိခဲ့ရာမှ ဒီဇင်ဘာလတွင် တစ်ရက် ၄ နာရီ လျော့ကျလာပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ တစ်ရက်လျှင် ၂ နာရီဝန်းကျင်သာ လျှပ်စစ်မီး ရရှိတော့သည်ဟု သုံးစွဲသူ ဒေသခံပြည်သူများက ပြောသည်။
ယင်းကဲ့သို့ လျှပ်စစ်မီးရရှိမှု နည်းပါးလာသည့်အတွက် လျှပ်စစ်မီးဖြင့်လည်ပတ်နေရသည့် လုပ်ငန်းများရပ်တည်ရန် ပိုမိုခက်ခဲလာပြီး အသေးစားစက်မှုလုပ်ငန်းများဖြစ်သည့် မုန့်ဖုတ်လုပ်ငန်း၊ မိတ္တူလုပ်ငန်း၊ သံပန်းလုပ်ငန်းများ လုပ်ငန်းရပ်နား လာရသည်ထိ ဖြစ်လာသည်ဟု မော်လမြိုင်မြို့ပေါ်ရှိ အသေးစားလုပ်ငန်းရှင်များက ဆိုသည်။
“မီးရချိန် နည်းနေတယ်ဆိုတော့ စက်ရုံအချို့ ရပ်ဆိုင်းလိုက်ရတာလဲရှိတယ်။ အခြားလုပ်ငန်းတွေကလည်း လျှပ်စစ်မီးရရှိတဲ့ အပေါ်မှာ မူတည်ပြီး ပြောင်းလဲဆောင်ရွက်နေရတာလည်း ရှိတယ်၊၊ အများအားဖြင့် ခက်ခဲလာကြတယ်လေ” ဟု ချောင်းဆုံမြို့နယ်ရှိ စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လျှပ်စစ်မီးပြတ်တောက်မှု များလာသည့်အတွက် အများစုက မီးစက်၊ ဆိုလာ အစရှိသည်တို့ကို သုံးစွဲလာရသည့်အတွက် ကုန်ကျစရိတ်များ တိုးမြင့်လာသည်ဟု ဒေသခံတို့က ပြောဆိုသည်။
မော်လမြိုင်မြို့ခံတစ်ဦးက “အခက်အခဲ အမျိုးမျိုးဖြစ်တာပေါ့၊၊ လျှပ်စစ်မီးက ပုံမှန်ရနေရင် ပိုက်ဆံများများ မကုန်ဘူးပေါ့၊၊ ဒီလိုအခြေအနေကြောင့် မီးစက်တွေ သုံးလာရတယ်၊၊ စားသောက်ဖို့အတွက်လဲ ဂတ်စ်၊ မီးသွေးတွေ ပိုသုံးလာရတယ်” ဟု ပြောသည်။
စွမ်းအင်ထုတ်လုပ်မှုစရိတ်များ တိုးလာပြီး၊ ဓာတ်အားရရှိမှုအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည်ဟု စစ်ကောင်စီက ပြောကြားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် မီတာခများကို နှစ်ဆတိုးမြှင့် ကောက်ခံခဲ့သည်။
စစ်အာဏာသိမ်း ၄ နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှစတင်ကာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အားပေးမှုကို စစ်ကောင်စီက ထပ်မံလျှော့ချလိုက်သည်။
ဓါတ်အားထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြောဆိုထားသည်။
လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို ၁၇ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ၃၅ ရာခိုင်နှုန်းဖြင့် အချိုးကျ ဓါတ်အားခွဲဝေပေးနေကြောင်းလည်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
IMNA ပေးပို့သည်။