ကချင်ပြည်၊ ဗန်းမော်ခရိုင် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များက ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်လိုက်နိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တို့ထံက သိရသည်။
မံစီမြို့ စောင့်တပ်များဖြစ်သည့် စစ်ကောင်စီ ခမရ ၆၀၁၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း ၃ ခု စလုံးကို KIA ပူးပေါင်းတပ်တို့က ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက ယခုလို ပြောပါသည်။
“မှန်ပါတယ်။ မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ တပ်စခန်း ၃ ခုစလုံးကို ရှင်းလင်းသိမ်းပိုက်လိုက်ပြီ။ အခုက ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်လံရှင်းလင်းနေသေးတယ်” ဟု ၎င်းကဆိုသည်။
မံစီမြို့နယ်တစ်ခုလုံး စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီး လက်ရှိတွင်လည်း စခန်းသိမ်းတိုက်ပွဲအတွင်း လွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
KIA သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ် ခမရ ၆၀၁ ၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း ၃ ခုလုံးမှ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည်ဟု ရှေ့တန်းသတင်းရင်းမြစ်တို့က ပြောသည်။
မံစီတပ်စခန်း ၃ ခု သိမ်းပိုက်နိုင်မှုအပေါ် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တပ်စခန်း အားလုံးကို သိမ်းပိုက်လိုက်ပြီလို့တော့ သတင်းတွေဆီကနေ သိရပေမယ့် တရားဝင်ပြောလာတာတော့ မရှိသေးဘူး။ ဒါပေမယ့် သေချာဖို့တော့များပါတယ်။ ဘာလို့လဲဆိုတော့ နှစ်သစ်ပြီးသွားကတည်းက နေ့တိုင်းလိုလို တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေများပါတယ်” ဟု ပြောဆိုသည်။
မံစီမြို့နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက စခန်းသိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း မြို့တွင်းအခြေစိုက်တပ်စခန်း ၃ ခုမှလွဲပြီး မြို့နယ်တစ်ခုကို ထိန်းချုပ်နိုင်ခဲ့သည်။
မံစီရှိ စစ်ကောင်စီ ခမရ ၆၀၁၊ ခမရ ၃၁၉၊ ခမရ ၃၅၂ တပ်ရင်း စသည့် တပ်စခန်း ၃ ခုစလုံးကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လိုက်တာနှင့်အတူ တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မံစီတိုက်ပွဲကို နှစ်သစ်ကူးကာလတွင် ယာယီရပ်နားထားပြီး ဇန်နဝါရီလ ၆ ရက်နေ့မှာ KIA ပူးပေါင်းတပ်များက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ ရက်အကြာ၌ အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
တဖက်တွင်လည်း မံစီမြို့အနီးရှိ ဗန်းမော်မြို့အတွင်း၌လည်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။
KNG ပေးပို့သည်။