ဖားဆောင်းကိုစစ်ကူလာသည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ပြီး ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် ၅၆ ဦး ဖမ်းဆီးရမိ

0
148
ပုံစာ - ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ (ပုံဟောင်းဖြစ်သည်)

တိုက်ပွဲဖြစ်ပွားနေသည့် ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့ကို စစ်ကူလာသည့် စစ်ကောင်စီတပ်သား ၁၀၉ ဦး ပါ စစ်ကြောင်းကို ဖားဆောင်း၊ ပါပုကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီ၏ ဗျူဟာမှူး၊ စစ်ကြောင်းမှူး အပါအဝင် တပ်သား ၅၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ကရင်နီပြည်တပ်မတော် (KA) က ပြောဆိုသည်။

KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က “မနေ့က (ဧပြီ ၁၁ ရက်) တော့ မနက် ၆ နာရီ ကနေ ည ၅ နာရီ အထိ တိုက်ပွဲဖြစ်တယ်။ စခန်း မဟုတ်ဘူး၊ အဲ့ဒီဖားဆောင်းကနေ စစ်ကူလာတဲ့အဖွဲ့ ထူးချောင်းကနေလာတာလေ။ အဲ့တုန်းက ကျနော်တို့တပ်နဲ့ တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်တော့ ဖမ်းမိတာကတော့ ၅၀ ကျော်တယ်။ လက်နက်က တော့ ၇၆ လား ရတယ်” ဟု ပြောသည်။

ဧပြီလ ၁၁ ရက်နေ့က ဖားဆောင်းမြို့ကို စစ်ကူလာသည့် စစ်ကောင်စီတပ် စကခ (၂) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခမရ (၅၁၅/၅၁၆) နှင့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းဖြစ်သည့် ခလရ (၁)၊ လွိုင်ကော် ဒကစ လက်အောက်ခံ တပ်ရင်း ၁၃၅ တို့ ပါဝင်သည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပါပုကျေးရွာတွင် တစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၅၆ ဦးထဲ၌ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး အဆင့်ထိ ပါဝင်ကြောင်းနှင့် စစ်ကောင်စီဘက်က သေဆုံးသူ ၅၃ ဦးရှိသည်ဟု ကြားသိရသော်လည်း ထိုအခြေအနေကို အသေးစိတ် သိရှိရခြင်း မရှိသေးပါ။

ဖားဆောင်းမြို့သိမ်းတိုက်ပွဲကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဆင်နွဲနေသည်မှာ ၂ လနီးပါးရှိသွားပြီဖြစ်ပြီး စစ်ကောင်စီက လေကြောင်းဖြင် ပြန်လည်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်၊ ဒဏ်ရာရမှုများလည်း ရှိနေသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ ဖားဆောင်း မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ စခန်း (၉) ခု ရှိပြီး အဆိုပါ စခန်းများမှာ စေတီကုန်း (ပါပု)၊ စေတီကုန်း (၂)၊ ရဲစခန်းတံတား၊ စစ်ဆေးရဲဂိတ် ၂ ခု၊ မြို့နယ်ခန်းမစခန်း၊ ထီးထာစခန်း၊ မော်ချီးစစ်ဆေးရေးဂိတ်၊ မော်ချီးကုန်းစခန်းတို့ဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း( မ် ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here