ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေ

0
63
ပုံစာ - စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၄ ဖွင့်လှစ်စဉ်။ (ပုံဟောင်းဖြစ်သည် / Photo – MOI)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစတင်ကာ ပွင့်ဖြူမြို့နယ်အတွင်း နေရာအနှံ့၌ စစ်ကောင်စီက အင်အားများတိုးချထားပြီး လူငယ်များကို စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “အဓိက ကတော့ သူတို့က လမ်းသွားလမ်းလာတွေကို ဖမ်းတယ်။ ဖမ်းတဲ့အခါမှ ရိုးရိုးဖမ်းတာမျိုး မဟုတ်ဘဲနဲ့ အကြောင်းပြချက်တခုခုရှာပြီး ဖမ်းတာပေါ့။ ပြီးမှ ဆေးစစ်တာ အောင်တယ်၊ ကျတယ်ဆိုပြီး အသိပေးတာ။ အောင်တဲ့လူတွေက ရွေးလို့မရဘူး။ စစ်မှုထမ်းအတွက် လိုက်ရတယ်” ဟု ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၁၄ ဦးထက်မနည်း ရှိလာပြီဖြစ်ကြောင်းနှင့် ၂ ဦးသာ ဆေးကျသည့်အတွက် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ထို့ပြင် စစ်ကောင်စီအင်အားလည်း တိုးချဲ့ချထားပြီး တိုးချဲ့ထားသူများထဲတွင် မြန်မာစကား မပြောတတ်သူများ၊ နားမလည်သူများလည်း ပါဝင်နေကြောင်း ဒေသခံတွေထံမှ သိရသည်။

“စျေးဝယ်လာတာသုံးယောက် ယူနီဖောင်းအပြည့်အစုံနဲ့၊ မြန်မာစကားလည်း နားမလည်ဘူး။ သူတို့ပြောတာ ဘာဘာသာစကားလည်းတော့ မသိဘူး။ နောက်ပြီး တိုင်းရင်းသားပုံစံလည်း မပေါက်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည့် ပုသိမ် – မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ်က အဆိုပါစစ်သားများကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ပွင့်ဖြူမြို့နယ်ကို နေ့ကင်း၊ ညကင်း၊ ရှောင်တခင် စစ်ဆေးမှုနှင့် ကိုင်းတောများကို စစ်ကြောင်းထိုးမှုများ နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here