ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေးခေါ်ယူကာ
ချောကားလိုက်ရမည့် ကုန်တင်ကားများအား မဲနှိုက်ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဒေသခံယာဉ်ပိုင်ရှင် တချို့က ပြောသည်။
ယာဉ်ပိုင်ရှင်တစ်ဦးက “ထွက်ခွင့်ပိတ်ပြီး အကျပ်ကိုင်တာပေါ့ဗျာ။ မလိုက်လျောရင် ဒါ့ထက်ပြင်းထန်တဲ့ နောက်ထပ် တမျိုးမျိုးနဲ့ ရစ်ဦးမှာပဲ။ ဒါ့ကြောင့် မဲနှိုက်ပြီး ပေါက်သူလိုက်ဆိုပြီး သဘောတူလိုက်ကြရတာ” ဟု ပြောသည်။
ထိုသို့ချောကားလိုက်ရာတွင် ကုန်တင်ယာဉ်ပိုင်ရှင်များအနေဖြင့် ဆုံးရှုံးမှုများလွန်းသဖြင့် ချောကားလိုက်ရန် ငြင်းဆန်ခဲ့ကြရာ၌ တိုင်းစစ်ကောင်စီက ဇန်နဝါရီလ ၂ ရက်နေ့တွင် ကုန်တင်ယာဉ်များ ပြေးဆွဲခွင့်ပိတ်လိုက် တာကြောင့် မဲနှိုက်ပြီး ပေါက်သူလိုက်ဟု သဘောတူခဲ့ရသည်ဟု ယာဉ်မောင်းအချို့က ပြောသည်။
ပုသိမ်မြို့မှ ကုန်တင်ကား ၅ စီးကို စစ်ကောင်စီက ချောကားအဖြစ် အသုံးပြုခဲ့ရာတွင် တစ်စီးမှာ ချောက်ထဲကျကာ တစ်စီးမှာ မိုင်းထိခဲ့ပြီး၊ ကျန်တစ်စီးမှာ တာယာ ၄ လုံး သစ်ငုတ်ထိုးခံရသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ရသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင် အချို့က ပြောဆိုသည်။
ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် နီးစပ်သူတစ်ဦးက “ချောက်ထဲကျသွားတဲ့ ယာဉ်မောင်းက ဆေးရုံမှာ အခြေအနေ မကောင်းဘူး။ သေဖို့က များတယ်။ ချောက်ထဲကကားကိုလည်း အခုထိ ဆွဲမတင်နိုင်သေးဘူး။ တိုက်ပွဲဧရိယာထဲမှာလေ” ဟု ပြောသည်။
ထိုသို့ ပျက်စီးဆုံးရှုံးမှုများအပြင် လူထိခိုက်မှုများနှင့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြား ပိတ်မိနိုင်သည့် အနေအထားများ၊ နှစ်ဖက်လက်နက်ကိုင်ကြား ကြားညှပ်နိုင်သည့် အနေအထားများကြောင့် ချောကားလိုက်ရန် အားလုံးက ငြင်းဆန်နေကြခြင်းဖြစ်သည်။
ထို့အပြင် ချောကားလိုက်ရန် မဲပေါက်ထားသူက အကြောင်းတခုခုကြောင့် ယာဉ်ပေးရန် ပျက်ကွက်ပါက စစ်ကောင်စီအား ကျပ် ၂၅ သိန်းကို လျော်ကြေးအဖြစ် ပေးရမည်ဟု ခံဝန်ထိုးထားကြရသေးသည်ဟု ကုန်တင် ယာဉ်ပိုင်ရှင်များက ပြောသည်။
အချို့ကုန်တင်ယာဉ်မောင်းများမှာ အသက်အန္တရာယ်ပိုင်း ထိခိုက်လာသည့်အတွက် အလုပ်မှထွက်လိုက်ကြသူ များပင် ရှိနေပြီဟု ဆိုကြသည်။
ကုန်တင်ယာဉ်မောင်းတစ်ဦးက “ကိုယ်မောင်းတဲ့ကား မဲပေါက်မှ မလိုက်နိုင်ဘူးလို့ ငြင်းဖို့က မလွယ်နိုင်ဘူး။ ဒါ့ကြောင့် ကားမမောင်းတော့ဘူးဆိုပြီး အလုပ်က ကြိုထွက်ခဲ့တာ။ မဖြစ်စလောက် ခေါက်ကြေးလေးနဲ့ အသက်တော့ အသေမခံနိုင်ဘူးဗျာ” ဟု ပြောသည်။
ပုသိမ်မြို့ရှိ ကုန်တင်ယာဉ်များကို စစ်ကောင်စီက ချောဆွဲ၍ ရခိုင်ပြည် ဂွမြို့နှင့် ပန်းတောင်း – တောင်ကုတ်လမ်းများသို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခိုင်းခြင်း၊ ဒဏ်ရာရလူနာများနှင့် လူသေအလောင်းများအား သယ်ဆောင်ခိုင်းနေသည်ဟု ဆိုကြသည်။
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အစပ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
အာရက္ခတပ်တော် AA သည် ဂွမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဂွ – ဧရာဝတီအစပ်ရှိ စစ်ကောင်စီ၏ စစ်ရေးဂိတ်အပါအဝင် တပ်စခန်းများကို AA နှင့် ဒေသခံ PDF များက ထိုးစစ်ဆင်နေကြောင်း သိရသည်။
ဇန်နဝါရီလ ၂ ရက်နေ့တွင် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ၅၇ မိုင်အကွာရှိ စစ်ကောင်စီ၏ နယ်ခြားစစ်ဆေးရေးဂိတ်ဖြစ်သည့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA က စတင် ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ကြားတိုက်ပွဲများ ဖြစ်ပွားနေသည်။
NMG ပေးပို့သည်။