တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN ဆော့ဝဲလ် အသုံးပြုမှုရှိမရှိ စစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်လာပြီး VPN တွေ့ရှိပါက ငွေကြေး တောင်းယူမှုများ ရှိနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။
စစ်ကောင်စီက VPN အသုံးပြုမှုကို တင်းကြပ်သည့်ဥပဒေ ထုတ်ပြန်လိုက်ပြီးသည့်နောက် ပုလောနှင့် တနင်္သာရီ မြို့နယ်များဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် VPN ဆော့ဝဲလ်များကို ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံခရီးသွားပြည်သူများက ပြောသည်။
တနင်္သာရီတံတား စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံပေးခဲ့ရသည့် ဒေသခံယာဉ်မောင်းသူတစ်ဦးက “သူတို့နဲ့ ရင်းနှီးနေပေမယ့် အဲဒီနေ့က ဖုန်းတောင်းပြီးစစ်တာပါပဲ။ VPN ဆော့ဝဲလ်တွေ့တာနဲ့ ပိုက်ဆံတောင်းတော့တာပဲ” ဟု ပြောသည်။
ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး တနင်္သာရီမြို့နယ်ထဲရှိ တနင်္သာရီတံတားနှင့် ဗိုလ်ချုပ်ကြေးရုပ် စစ်ဆေးရေးဂိတ်၊ ပုလောမြို့နယ်ထဲမှ မကျည်းကုန်းကျေးရွာ စစ်ဆေးရေးဂိတ်များတွင် ဖုန်းများ၌ VPN ဆော့ဝဲလ် ရှိမရှိကို ပြန်စစ်ဆေးနေသည်ဟု ခရီးသည်တင်ယာဥ်မောင်းများက ပြောသည်။
ဖုန်းများအတွင်း၌ VPN ဆော့ဝဲလ်ရှိနေသည်ကို တွေ့ရှိပါက ငွေကျပ်တစ်သောင်းမှ သုံးသောင်းကျပ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်းယူနေသည်ဟု ပြောဆိုကြသည်။
ထိုသို့စစ်ဆေးချိန် VPN ဆော့ဝဲလ်အား ဖုန်းအတွင်း နောက်တကြိမ်ထပ်မံတွေ့ရှိပါက နိုင်ငံတော်က ချမှတ်ထား သည့် ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်သည်ဟု စစ်ကောင်စီဂိတ်များ တာဝန်ကျတပ်ဖွဲ့ဝင်များက ပြောဆိုလိုက်သည်ဟုလည်း ခရီးသွားပြည်သူများက ပြောသည်။
ဖုန်းများအတွင်း၌ VPN ဆော့ဝဲလ်တွေ့ရှိပါက ဖမ်းဆီးငွေညှစ်ခြင်းတို့ကို အာဏာသိမ်းကာလ အစောပိုင်းတွင်
ကျယ်ပြန့်စွာ အရေးယူလုပ်ဆောင်ခဲ့ကြပြီးနောက် စစ်ဆေးမှု မရှိသလောက်နည်းပါးခဲ့ရာမှ ယခုနှစ်စပိုင်းမှစ၍ ပြန်လည်စစ်ဆေးမှု တင်းကြပ်လာခြင်း ဖြစ်သည်။
ခွင့်ပြုချက်မရှိဘဲ VPN ထူထောင်ခြင်း၊ သို့မှမဟုတ် ဝန်ဆောင်မှုပေးခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းများအတွက် ပြစ်ဒဏ်ချမှတ်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းများကို ကာကွယ်နိုင်ရန်နှင့် ဆိုက်ဘာ မှုခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်အတွက် ယခုကဲ့သို့ ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
VPN အသုံးပြုဝန်ဆောင်မှုအတွက် ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းမှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ခံရမည်ဖြစ်ပြီး၊ ထောင်ဒဏ်အများဆုံး ၆ လအထိ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်နိုင်သည်ဟု ဖော်ပြထား သည်။
NMG ပေးပို့သည်။