နာဂဒေသတွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက တစ်ဦးကို ငွေကျပ်သိန်း ၃၀ ပေးပြီး ခေါ်ယူစုဆောင်းနေသော်လည်း လိုက်မည့်သူမရှိသေးဟု ဒေသခံများက ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် လူဦးရေ ၂ ဦးမှ ၅ ဦးနှုန်းဖြင့် စစ်မှုထမ်းရန်အတွက် ဇန်နဝါရီလအတွင်း မြို့နယ်ထွေအုပ်ရုံးမှ စာထုတ်ကာ ခေါ်ယူနေကြောင်း လေရှီးဒေသခံများက ပြောသည်။
လေရှီးမြို့ခံအမျိုးသားတစ်ဦးက “ပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက ကျနော့်နာမည်လည်းပါတယ်။ ကျနော်တို့ရွာက ငါးယောက်လို့ပြောတယ်။ လူဦးရေပေါ်မူတည်တယ်။ ရွာတိုင်းတော့ မဟုတ်ဘူး။ သွားတဲ့လူတော့ မရှိဘူး။ စာက အုပ်ချုပ်ရေးမှူးတွေဆီက တဆင့်ရောက်တာ” ဟု ပြောသည်။
နိုင်ငံတဝှမ်းတွင် စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူစုဆောင်းမှုများ၊ ခေါ်ယူမှုများ လုပ်နေပြီဖြစ်သော်လည်း လေရှီးမြို့နယ်အတွင်း ယခုအကြိမ် စစ်မှုထမ်းခေါ်ယူခြင်းမှာ ၆ ကြိမ်မြောက် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခု ၆ ကြိမ်မြောက် စစ်မှုထမ်းခေါ်ဆိုမှုတွင် စစ်မှုထမ်းရန်လိုက်ပါသူများအား ငွေကျပ်သိန်း ၃၀ ပေးမည်ဖြစ်ပြီး စစ်မှုထမ်း မသွားပါက အိမ်တိုင်ရာရောက် ဖမ်းဆီးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေသည်ဟု လေရှီးမြို့ဒေသခံများက ပြောသည်။
လေရှီးမြို့ခံအမျိုးသားက “သတင်းတော့ သေချာတယ်။ အခုကျေးရွာတစ်ရွာကို မဲနှိုက်ပြီး နှိုက်လို့ရတဲ့သူကို မြန်မာငွေ သိန်း ၃၀ ပေးပြီး စစ်ကောင်စီက ခေါ်ဆောင်သွားမယ်ပေါ့နော်။ တကယ်လို့ ခေါ်လို့မရရင် ကိုယ်တိုင်လာပြီး လာဆွဲယူမယ်တဲ့။ ကျနော်တို့ဆီမှာတော့ ယောက်ကျားလေးတွေပဲခေါ်တာ” ဟု ပြောသည်။
လေရှီးမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၆၂ ရွာ ရှိပြီး၊ လေရှီးမြို့နှင့် ဆွမ္မရာမြို့တို့ရှိပြီး ကျေးရွာတစ်ရွာလျှင် အနည်းဆုံး တစ်ဦးနှုန်းလိုက်ပါရန် ခေါ်ယူနေကြောင်း လေရှီးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လေရှီးမြို့နယ်မှာ အခုတခါ စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်နေပြန်ပြီလေ။ တစ်ရွာတစ်ယောက် စာရင်းပေးပါဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သတင်းပေးပို့ထားတယ်လို့ ကြားတယ်။ အခုက ရွာတိုင်းကို စာပို့ထားပြီး မရရင် မြို့နယ်က ဆင့်ခေါ်မယ်ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ဆိုမှု ၅ ကြိမ်တွင် လေရှီးမြို့နယ်မှ စစ်မှုထမ်းသွားသူ ၁၀ ဦးရှိခဲ့ပြီး နာဂဒေသမှ စစ်မှုထမ်းသွားသူများသည် မုံရွာမြို့နှင့် မန္တလေးမြို့တို့တွင် စစ်သင်တန်းတက်ကြရသည်ဟု စစ်မှုထမ်းပါသွားသူများ၏ မိဘဆွေမျိုးများက ပြောဆိုသည်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်အသက်သွင်းပြီးနောက် အစောပိုင်းခေါ်ဆိုမှုများတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် နန်းယွန်းမြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့မှ ပြည်သူအချို့မှာ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူများပင် ရှိခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့မှ စစ်မှုထမ်းသွားသူ အယောက် ၁၀၀ ကျော်ရှိခဲ့ပြီး လဟယ်မြို့နယ်ကတစ်ဦးမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရှေ့တန်းတစ်နေရာ၌ သေဆုံးသွားကြောင်း ဒေသခံတို့က ပြောဆိုသည်။
NMG ပေးပို့သည်။