ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ၂၀၂၅ နှစ်ဦးပိုင်းအတွင်း ခိုးဆိုးလုယက် ဒုစရိုက်မှုကျူးလွန်သူများ ပိုမိုများပြားလာပြီး မြို့လယ်ခေါင်နေရာများအထိ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြသည်ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း မြို့နေပြည်သူများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ သံလွင်မူကြိုရှေ့တွင် အထက်တန်းကျောင်းသူတစ်ဦး၏ ဖုန်းနှင့် ပိုက်ဆံအိတ်အား အမည်မသိ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးက လုယက်ရန်ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
မျက်မြင်တွေ့ရှိသူတစ်ဦးက “ဆိုင်ကယ်စီးပြီး အရှိန်နဲ့လာလုတာ။ လူက ဦးထုပ်ဆောင်း မှန်ချထားတော့ ဘယ်သူမှန်း မသဲကွဲဘူး။ သူ့ပစ္စည်းက သူ့အမေကအော်တော့ ပါမသွားလိုက်ဘူး။ ဝိုင်းအော်ပြီး ယောက်ကျားလေးတွေ ပြုံလာတော့ မောင်းပြေးသွားတာ” ဟု ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ပထမပတ်ထဲတွင်လည်း အလုပ်မှပြန်လာသည့် အမျိုးသမီးတစ်ဦးအား တောင်ကြီးမြို့စွန်၊ ကရင်မရေထွက်အနီး၌ အမည်မသိ လူ ၂ ဦးမှ လုယက်ရန် ကြိုးပမ်းခဲ့သေးသည်ဟု အဆိုပါအမျိုးသမီးနှင့် နီးစပ်သူမြို့ခံတစ်ဦးက ပြောသည်။
“သူသတိထားမိတော့ အိမ်ရောက်ဖို့လိုသေးတာနဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်လုပ်ပြီး အိမ်ကိုဖုန်းဆက်တော့ လာကြိုတယ်လို့ ပြောပါတယ်။ ဆိုင်ကယ်ချင်း ထပ်ကြပ်မကွာလိုက်ပြီးမှ ခြိမ်းခြောက်တာပါ။ ဘာမှတော့ ပါမသွားပေမယ့် ပါသွားလုဆဲဆဲ အခြေအနေအထိ ရောက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ယခင်ကမရှိခဲ့ဖူးသည့် ခါးပိုက်နှိုက်များလည်း မြို့မဈေး၊ City Square စသည့် လူစည်ကားသော နေရာများတွင် ကျင်လည်ကျက်စားနေကြသည်ဟု ဈေးသည်များက ပြောဆိုကြသည်။
အဆိုပါ ဒုစရိုက် ကျူးလွန်သူများအား စစ်ကောင်စီနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က တစုံတရာ ဖမ်းဆီးအရေးယူမှုများ မရှိသည့်အပြင် ပြည်သူစစ်များကိုပါ ထပ်မံကျူးလွန်ခွင့်ပေးနေသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း တောင်ကြီးမြို့၌ ရွှေတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ဦးဆောင်သည့် ပျူစောထီးအဖွဲ့က လူငယ်တစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးကာ ကျပ်သိန်း ၂၀ တောင်းခံမှုလည်း ဖြစ်ပွားခဲ့သေးသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) အရာရှိတစ်ဦးက ၎င်း၏ဆိုင်ကယ်အားကျော်တက်သည့် လူငယ် ၂ ဦးကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုလည်း ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောဆိုကြသည်။
NMG ပေးပို့သည်။