တောင်ကြီးမြို့တွင် စစ်ကောင်စီက ညစဉ်ရက်ဆက် ပေါ်တာဆွဲနေပြီး အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

0
66
Photo - CJ

သျှမ်းပြည်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက လူငယ်များကို ညစဉ်ရက်ဆက် ပေါ်တာလိုက်ဆွဲဖမ်းဆီးနေပြီး ယခုသီတင်းပတ်အတွင်း အမျိုးသမီး ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က တောင်ကြီးမြို့မှ ရွှေညောင်မြို့သို့အလည်သွားသည့် အမျိုးသမီးတစ်ဦးသည် လမ်းခရီးတွင် စစ်ကောင်စီ၏ အတင်းအဓမ္မဖမ်းဆီးခြင်း ခံလိုက်ရကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွှေညောင်ကိုသွားရင်း လမ်းမှာဖမ်းခံရတာ။ အဲ့မှာ ဖုန်းစစ်တော့ ငွေလှူထားတာတွေ့တယ်ပြောတယ်။ စစဖမ်းမိတုန်းကတော့ အိမ်နဲ့ ဖုန်းခဏပေးပြောတယ်။ ဖမ်းမိပြီး ဘာညာပေါ့။ မကြာဘူး ဖုန်းသိမ်းသွားပြီး အဆက်အသွယ်မရတော့တာ” ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသမီးကို လက်ရှိတွင် ရွှေညောင်ရဲစခန်း၌ ဖမ်းဆီးထားပြီး ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်များကို ပေါ်တာလိုက်ဆွဲခဲ့ရာ၌ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ လူ ၃၂ ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ သတင်းအစအနပျောက်ဆုံးနေကြောင်း ကျောင်းကြီးစုရပ်ကွက်နေသူက ပြောသည်။

“သုံးရက်အတွင်း တစ်သုတ်ဆွဲတဲ့အထဲမှာ ၂၂ ရပ်ကွက်လုံး ကျနော်တို့ရပ်ကွက်က အများဆုံးပါသွားတယ်။ ပထမပတ်ထဲတုန်းကလည်း အရှေ့ပင်စည်က ၃ ယောက်ပါသွားတယ်။ အဲ့လူတွေက တစ်ယောက်မှ ပြန်လွတ်လာတာမရှိဘူး။ ဘာသတင်းမှ မရတော့တာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခုဇန်နဝါရီလတွင်း အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်များကိုလည်း နယ်မြေအလိုက် စာရင်းပြုစုပေးရန် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားထားသေးကြောင်း သိရသည်။

တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက “အခုအပေါ်ကနေပြီးတော့ နယ်မြေအလိုက် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်စာရင်းတွေ ကောက်ခိုင်းထားတယ်။ ဥပမာ- ဒီဇင်ဘာလမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူ၊ ဇန်နဝါရီလမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေကို ကောက်ခိုင်းထားတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူစာရင်း တောင်းနေတယ်” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက လူငယ်များကို အတင်းအဓမ္မ လိုက်လံဖမ်းဆီးမှုကြောင့် လူငယ်အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ တချို့မှာ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။

“ဖမ်းဆီးတယ်ရှိတာက မဖြစ်သင့်ဘူး။ ဆင့်ခေါ်စာနဲ့တောင် ခေါ်ပြီးပြီပဲ။ အခုအပြင်မှာ ဖမ်းတယ်ဆိုတာက လုပ်စားနေတာပဲ။ ဖမ်းပြီးတော့ အဲ့ကောင်တွေ စာရင်းဖျောက်၊ ဆင့်ခေါ်စာနဲ့ခေါ်တဲ့ကောင်တွေကခေါ်။ ခေါ်ပြီးရင် မင်းတို့လူတွေ မသွားနိုင်ရင် ပိုက်ဆံ ၈ သိန်းပေး၊ ၁၀ သိန်းပေး၊ ၁၅ သိန်းပေးပေါ့” ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။

ထိုအခြေအနေကြောင့် လူငယ်များအနေဖြင့် ညဘက်အချိန် အပြင်မထွက်ကြရန်၊ လမ်းသွားလမ်းလာ ဂရုစိုက်ကြရန် ၎င်းက အသိပေးပြောဆိုသည်။

စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်အသက်သွင်းပြီးနောက် လူငယ်များကို အဓမ္မဖမ်းဆီးခဲ့ရာ လက်ရှိအချိန်ထိ ဖမ်းဆီးမှု ၁,၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here