
ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့်သူများ မူဆယ်မြို့တွင် နယ်စပ်ဂိတ်တွင် ပိတ်မိနေကြောင်း ဒေသခံများက ပြောဆိုသည်။
တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်တောင်ပိုင်း စသည့်ဒေသများမှ ပြည်သူများသည် မူဆယ်မြို့ရှိ နယ်စပ်ဖြတ်ကျော်ရေးဂိတ်များက တင်းကြပ်မှုအပြင် ပွဲစားများ၏ လိမ်လည်မှုများကြောင့် မူဆယ်မြို့တွင် ပိတ်မိနေကြခြင်းဖြစ်သည်။
မူဆယ်ဒေသခံတစ်ဦးက “အောက်ပိုင်းကလူတွေ အလုပ်လာရှာတာပေါ့လေ။ ဒီမူဆယ်မှာရောက်တော့ ချက်ချင်း ဝင်မရတော့ အဲမှာ နေရာလည်း မရှိ၊ စားစရာလည်း မရှိ၊ အဲမှာ ဒုက္ခရောက်တာပေါ့လေ။ အဲမျိုးတွေတော့ရှိတယ်။ အဲ့ဂိတ်မှာ လူတွေအများကြီးပဲ။ တချို့ရက်တွေဆို ထောင်ချီတောင်ရှိတယ်” ဟု ပြောသည်။
မူဆယ်မြို့ရှိ ကောင်းမှုတုံရပ်ကွက်ထဲက (ဒေသအခေါ်) စည်ပင်ကုန်းနေရာနှင့် သိန်းသန်းချီ ကားကြီးကွင်းနေရာအပြင် အချို့ရပ်ကွက်များရှိ ဂိုဒေါင်များတွင် အလုပ်သမားများ သောင်တင်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
စည်ပင်ကုန်းနေရာရှိ အလုံပိတ်ဂိုဒေါင်တွင် လူအယောက် ၄၀၀ ခန့် ပိတ်မိနေပြီး သိန်းသန်းချီကားကြီးကွင်းနေရာတွင် လူအယောက် ၅၀၀ ခန့် ပိတ်မိနေသည်ဟု မူဆယ်မြို့ခံအချို့က ပြောသည်။
မူဆယ်ရောက် ရခိုင်အမျိုးသမီးငယ်တစ်ဦးက “သူငယ်ချင်းတချို့ ခိုးလမ်းကနေ ဝင်သွားတာရှိတယ်။ ဟိုရောက်တော့ ဖမ်းခံရပြီး အဆက်အသွယ်မရဖြစ်တယ်။ ကျမတော့ မသွားရဲဘူး။ ဒီလိုပဲ စောင့်နေတယ်။ မူဆယ်ရောက်တာ ၄ လ ကျော်သွားပြီ။ ကိုယ့်မှာက ပိုက်ဆံလည်းမလောက် အဲ့လိုဖြစ်နေတာ။ ဂိတ်တွေကတော့ ဖွင့်ထားတယ်။ အရမ်းအစစ်အဆေးများလို့လေ၊ တချို့ကလည်း ရခိုင်ဆိုရင် ဂိတ်မှာ ပေးမဝင်ဘူး။ အရမ်းစစ်တယ် ပြောတာလည်းရှိတယ်။ တချို့အသိဆိုရင် ပွဲစားတွေက အပြင်ပေးမထွက်ဘူး အဲ့လိုမျိုးလည်းရှိတယ်” ဟု ပြောသည်။
တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ပွဲစားများ၏ လိမ်လည်မှုကြောင့် တရုတ်နိုင်ငံထဲမဝင်ရဘဲ ၆ လကျော်ကြာအထိ ပိတ်မိခဲ့ဖူးကြောင်း မန္တလေးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပွဲစားတွေကြောင့်လည်းပါတယ်။ တရုတ်က အဝင်တင်းကြပ်နေလို့လည်းပါတယ်။ ကျနော်တို့လည်း တရုတ်မှာ အလုပ်လုပ်ဖို့ တက်လာတာပါ၊ ပွဲစားမတူတာပေါ့နော်။ တချို့ ငါးလ၊ ခြောက်လ ကြာနေပါပြီ။ စားစရိတ်ချပေးတော့ မပြန်ဘဲစောင့်ကြပါတယ်” ဟု ၎င်းက ပြောပြသည်။
တရုတ်နိုင်ငံသို့ အလုပ်လုပ်ရန်သွားရောက်သည့် မြန်မာနိုင်ငံသား ၅၀၀ ကျော် မူဆယ်မြို့တွင် ပိတ်လှောင်ခံထားရပြီး အခက်အခဲများနှင့် ကြုံနေရကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
TNLA ၏ ထုတ်ပြန်ချက်အရ ပိတ်လှောင်ခံထားရသူများတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးများ အများဆုံးပါဝင်ပြီး မူဆယ်မြို့က သိန်းသန်းချီကားကြီးကွင်း ဂိုဒေါင်တွင် ပိတ်လှောင်ခံထားရသူများအပြင် ရပ်ကွက်တချို့ရှိ ဂိုဒေါင်များ၌လည်း ပိတ်လှောင်ခံထားရသူ အများအပြားရှိနေသည်ဟု သိရသည်။
မူဆယ်မြို့တွင် သောင်တင်နေသည့် အမျိုးသားတစ်ဦးက “ကိုယ်ဘာသာကိုယ် ရှာကြံစားနေကြရပါတယ်။ ကျနော်ကတော့ နေ့စားအလုပ်လေးရှိရင် လိုက်လုပ်လိုက်၊ မရှိရင် မလုပ်လိုက် အဆောင်မှာ သိပ်မနေဖြစ်ပါဘူး။ တော်တော်များက အိမ်ကတောင်း၊ ဘေးကချေးနေပြီး နေနေကြရတာပါပဲ။ ကျနော်ကတော့ အိမ်က အဆင်မပြေတော့ ရှာကြံစားရပါတယ်” ဟု ပြောသည်။
ပွဲစား (အကျိုးဆောင်) များနှင့် ဆက်သွယ်၍ မူဆယ်မြို့သို့ ရောက်လာကြသူများမှာ WeChat, Tiktok, Facebook စသည့် လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားသည့် အလုပ်ခေါ်စာများကြောင့် ဖြစ်သည်ဟု ပြောဆိုကြသည်။
အဆိုပါ အလုပ်ခေါ်စာများတွင် တရုတ်နိုင်ငံ၊ ရွှေလီ၊ မန်ရှီ၊ ကူမင်း စသည့် မြို့များရှိ အလုပ်ရုံများ၊ စက်ရုံများနှင့် အထည်ချုပ်လုပ်ငန်းများတွင် တစ်လလျှင် အနည်းယွမ် ၁၇၀၀ အထက်ရမည်ဟု ကြော်ငြာထားသည်ဟု ပြောကြသည်။
မြန်မာနိုင်ငံအနှံ့မှ အလုပ်လုပ်ကိုင်လိုသူများကို ပွဲစားများက တရုတ်နိုင်ငံတွင် အလုပ်ကောင်းပြီး လစာကောင်းရမည်ဟု မက်လုံးပေးပြောဆိုခေါ်ယူထားကာ ဂိုဒေါင်များတွင် ပိတ်လှောင်ထားသည်ဟုလည်း TNLA ၏ ဒီဇင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NMG ပေးပို့သည်။