မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – အရှို သည် တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီမိသားစုဝင်တချို့ အပါအဝင် စစ်ကောင်စီစစ်သုံ့ပန်း ၁၅၀ ဦး ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် CDF – အရှိုတပ်ဖွဲ့ကို အရှိုချင်းတိုင်းရင်းသားများဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂ နှစ်တာ ပြည့်ချိန်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း CDF – အရှိုထံမှ သိရသည်။
“ ဖမ်းဆီးရမိတာတွေက ဟို ၁၁ လပိုင်းကတည်းက ဖမ်းဆီးရမိတာရော အရင်တုန်းက ဖမ်းဆီးရမိတာရော အခုချိန်ဖမ်းဆီးရမိတာရော ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ ၁၅၀ ဦး ဖမ်းဆီးရမိခဲ့တာမှာ အမျိုးသမီးတွေ၊ စကစ တပ်ဖွဲဝင်တွေရဲ့မိသားစုတွေလည်း ပါပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
၂ နှစ်တာအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ခန့်နှင့် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
“ရှေ့ဆက် စစ်အာဏာရှင်တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးပစ်မှတ်တွေကို အဓိက ဦးစားပေးပြီး တော်လှန်ရေး တပ်ဖွဲတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲဝင်တွေ ခြေကုပ်ယူရာနေရာများကို တိုက်ယူသွားဖို ရှိပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။
ဇန်နဝါရီ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ရခိုင်- မကွေးအစပ် အမ်းမြို့နယ်ထဲက တိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၂ ဦး အရှင် ဖမ်းဆီးရမိသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။
ဇန်နဝါရီ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင်လည်း အမ်းမြို့နယ်မှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်သုံ့ပန်း ၁၁ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု CDF – အရှိုထံမှ သိရသည်။
CDF – အရှိုက နွေဦးတော်လှန်ရေးကာလ လက်နက်ကိုင်လမ်းစဉ်အရ တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များကို ဝေဖန် သုံးသပ်လျက် လူထု၏တည့်မတ်ထိန်းကျောင်းမှုကို ခံယူကာ ပြည်သူကို အကာအကွယ်ပြုရန်၊ ပြည်သူမှ ယုံကြည် အားကိုးသော တပ်တော်ဖြစ်ရန် ကြိုးစားမည်ဟု တပ်တော် ၂ နှစ်ပြည့်တွင် သဘောထားထုတ်ပြန်ခဲ့သည်။
လက်နက်လူအင်အားကို အခြေတည်လျက် နိုင်ငံ့ဩဇာအာဏာတည်ဆောက်မှုနှင့် လူမျိုးကြီးဝါဒ ကျင့်သုံးမှုကို လုပ်ဆောင်မည် မဟုတ်ကြောင်း CDF – အရှိုက ဆိုသည်။
စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရန်၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို ကာကွယ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု CDF – အရှိုက ပြောဆိုသည်။
KMG ပေးပို့သည်။