စစ်ကောင်စီက ဆိုက်ဘာဥပဒေ ပြဋ္ဌာန်းပြီးနောက် ဖုန်းဒေတာဖြင့် အင်တာနက်သုံးစွဲရန် ပိုမိုခက်ခဲလာနေ

0
64

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီလဆန်းတွင် အတည်ပြုပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်ဖုန်းဒေတာဖြင့် အင်တာနက် လူမှုကွန်ရက်သုံးစွဲမှုများ ပိုမိုခက်ခဲလာကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီက ဇန်နဝါရီ ၁ ရက်နေ့တွင် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ရက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသခံလူငယ်များက ပြောသည်။

တောင်ကြီးဒေသခံလူငယ်တစ်ဦးက “ဒီတခါ VPN တွေ ပိတ်လိုက်တာ တော်တော်ဆိုးတယ်။ ဖေ့စ်ဘုတ်ဆိုရင် ဘယ်လိုဝင်ကြည့်ကြည့် ဘာမှမတက်ဘူး။ ကိုယ့်ဖုန်းဒေတာနဲ့ ဘာပဲတင်တင် မရဘူး။ စာပို့တာလည်းမရ၊ အသံနားထောင်တာလည်း မရ အဲ့လိုဖြစ်တာ။ တယ်လီဂရမ်တို့ Viber တို့ဆိုရင်လည်း အကြာကြီးနေမှ စာပို့လို့ရတာမျိုးဖြစ်တယ်” ဟု ပြောသည်။

အလားတူ ဖုန်းဒေတာအသုံးပြု၍ သက်ဆိုင်ရာအက်ပလီကေးရှင်းများမှတဆင့် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း ကုန်သည်များက ပြောဆိုသည်။

“ဖုန်းဒေတာနဲ့ကတော့ ဘာပက်ကေ့ချ်ပဲသုံးသုံး အဝိုင်းလည်ပြီး နှေးတာပဲ။ ငွေလွှဲငွေထုတ်နဲ့ ကိုယ့်ဖုန်းဘေလ် ပြန်ထည့်တာတောင် ကြာတာ။ ပုံမှန် ဖေ့စ်ဘုတ်နဲ့ သတင်းကြည့်တာ အသစ်ဆို အခု ဘာမှမမြင်ရဘူး။ ဆိုရှယ်မီဒီယာကို ကန့်သတ်တာတင်မဟုတ်ဘူး၊ ပေးမသုံးစေချင်တာမျိုးဖြစ်နေတယ်။ VPN က ပြောင်းသုံးလဲ တစ်ခုမှ မချိတ်တော့ဘူး” ဟု အဆိုပါလူငယ်အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေထဲတွင် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ဗွီပီအန် (VPN) ထူထောင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း၊ အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစားပြုလုပ်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းတို့အတွက် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့အပြင် ပုဒ်မ (၇၂) တွင် မည်သူမဆို အများပြည်သူကြည့်ရှုရန် မသင့်တော်သည့် သတင်းအချက်အလက်များကို ဖက်စ်၊ အီးမေးလ်အပြင် နည်းပညာဖြင့် ဖန်တီးထားသည့် လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းအတွက် ထောင်ဒဏ်အနည်းဆုံး တစ်လမှ ခြောက်လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ်ဆယ်သိန်းမှ သိန်းတစ်ရာ အထိ ချမှတ်မည့်အပြင် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ လူထုကို သတင်းအမှောင်ချပြီး နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန်နှင့် VPN အသုံးပြုသူများကို ဖမ်းဆီးရန်သာ လုပ်ဆောင်သည့် သဘောဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ပြီးနောက် အင်တာနက်အသုံးပြုခွင့်ကို စတင်ကန့်သတ်ခဲ့ရာ ပြည်သူများမှ VPN ဆော့ဖ်ဝဲအသုံးပြု၍ ကျော်လွှားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများမှ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး VPN ဆော့ဖ်ဝဲများ ထည့်သွင်းထားသည်ကို တွေ့ရှိပါက ငွေညှစ်တောင်းခံခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here